ကူညီကယ်ဆယ်ရေးအတွင်း အစိုးရမဟုတ်သော အဖွဲ့များ၏ အခန်းကဏ္ဍ
နိုင်ငံ၏ အခြားတိုင်းနှင့် ပြည်နယ်များနှင့် နိုင်းယှဥ်လိုက်လျှင် ရက္ခိုင်ပြည်တွင်း အစိုးရမဟုတ်သော ဒေသခံ အဖွဲ့အစည်းများ နှင့် အရပ်ဘက်အဖွဲ့အစည်းများ ဖြစ်ထွန်းတိုးတက်မှုမှာ အထူးသဖြင့် အရေးပေါ်ကူညီရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုပေးခြင်းနယ်ပယ်တွင် နောက်ကျသည်ဟု ဆိုနိုင်ပါသည်။ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) သည်လည်း တဖက်တွင် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက မြန်မာနိုင်ငံအတွင်း အနည်းအကျဥ်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာများထွက်ပြေးရခြင်း ကိစ္စကိုသာ အဓိက အာရုံထားလုပ်ကိုင်ခဲ့ကြသည်။ ဒေသတွင်း လူမှုရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း အမျိုးမျိုးကို ဖွဲ့စည်းထားခဲ့သော်လည်း အဆိုပါ အဖွဲ့များသည် လျော့ရဲစွာ ရပ်တည်လည်ပတ်ခဲ့သည်။ အရင်းအမြစ်အားဖြင့်လည်း မလုံလောက်သောကြောင့် ၎င်းတို့၏ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်နိုင်စွမ်းများမှာ အကန့်အသတ်နှင့်သာရှိပြီး၊ နေ့စဥ်နှင့်အမျှ ဖိနှိပ်သော နိုင်ငံရေးဝန်းကျင် အောက်တွင် ကန့်သတ် မှုအမျိုးမျိုး ကြုံခဲ့ကြရသည်။
အဆိုပါ အခြေအနေများမှာ ၂၀၁၁ ခုနှစ် နိုင်ငံရေးအဖွင့် နှင့် ၂၀၁၂ ရက္ခိုင်ပြည်တွင်း အသိုင်းအဝိုင်းများကြား ပဋိပက္ခဖြစ်သောအခါ အလှည့်အပြောင်းကာလတခုသို့ ရောက်ရှိလာပေသည်။ နောက်ဆက်တွဲ ကိစ္စများဖြစ်သော ၂၀၁၄ ရေကြီးမှု၊ ၂၀၁၆-၁၇ ရိုဟင်ဂျာများ ထွက်ပြေးရမှု နှင့် ၂၀၁၈ မှစတင်လာသော အေအေ နှင့် မြန်မာစစ်တပ်တို့ကြား လက်နက်ကိုင် တိုက်ပွဲများကြောင့် ဒေသခံအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှာ ထူထူထောင်ထောင်နှင့် အင်အားကောင်းလာရန် ခိုင်မာသော အဟုန်တခုကို ရလာခဲ့သည်။ သို့သော် ယခု ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ရက္ခိုင်ပြည်တွင်း အရပ်ဘက်လူမှု ဝန်းကျင်မှာ စိန်ခေါ်မှု သစ်တစ်ခုအောက်သို့ ရောက်ရှိလာပေသည်။ စကစမှ ချမှတ်ထားသော ကန့်သတ်မှုများကို လိုက်နာပြီး၊ ‘ကြားနေ’ လိုသော အုပ်စုနှင့် စကစ နှင့် အဆက်အသွယ်ဖြတ်ပြီး၊ တရားနည်းလမ်းကျမှု အာဏာကို မပေးလိုသော အုပ်စု တို့ကြားတွင် အကွဲအပြဲသစ်ကို ဖြစ်စေခဲ့သည်။
မကြာသေးခင်ကလည်း ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် ဆိုင်ကလုန်းသက်ရောက်ခဲ့သော ဒေသများတွင် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်လိုပါက ၎င်းတို့ထံမှ ခွင့်ပြုချက်ကို ရယူရမည်ဟု စကစအာဏာပိုင်များမှ ထုတ်ပြန်ခဲ့သည်။ သို့သော် ထိုကိစ္စသည် ဒေသခံအဖွဲ့အစည်းများအတွက် ခက်ခဲမှု နှင့် ချီတုံချီချဖြစ်မှုကို ဖြစ်စေခဲ့ပြီး၊ ထိုကဲ့သို့ အာဏာပိုင်များထံမှ ခွင့်ပြုချက်တောင်းရခြင်းသည် ကြန့်ကြာမှု နှင့် မလုံခြုံသော လုပ်ငန်းဆောင်ရွက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်ဟု မြင်ကြသည်။ ထိုကဲ့သို့ တောင်းဆိုမှုသည် ဘေးအန္တရာယ်ကျရောက်သော နယ်မြေများတွင် အကူအညီပေးမှုကို ညှိနှိုင်းဆောင်ရွက်ရန် နှင့် အကူအညီပေးမှုများ စနစ်မကျဖြစ်နေခြင်းကို ကိုင်တွယ်ရန် ရည်ရွယ်ကာ အခြေခံ ကူညီကယ်ဆယ်ရေးအချက်အလက်များကိုသာပေးရန် တောင်းဆိုသည့် ULA အာဏာပိုင်များ၏ သဘောထားနှင့် ဆန်ကျင့်ဘက်ဖြစ်နေပေသည်။
မိုခါဆိုင်ကလုန်းအလွန် အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးကိစ္စများတွင် ပြည်တွင်းအဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ နှင့် ပတ်သက်လာလျှင် အနည်းဆုံး အုပ်စု (၃) ခုခန့် ရှိနေပေသည်။ ပထမအုပ်စုတွင် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများထံမှ အကူအညီများကို တဆင့်ဖြန့်ဝေသော အဖွဲ့များဖြစ်သည်။ ဒုတိယအုပ်စုထဲတွင် နိုင်ငံတွင်း နှင့် ပြည်ပမှ တစ်ဦးတစ်ယောက်ခြင်း အလှုရှင်များ (သို့) အဖွဲ့အစည်းများမှ လှုဒါန်းမှုများကို တဆင့် ဖြန့်ဝေသော ဒေသခံ ပရဟိတအဖွဲ့အစည်းများပါဝင်သည်။ တတိယအုပ်စုမှာ အထက်ပါနည်းလမ်းနှစ်ခုလုံးကို အသုံးပြုသော အဖွဲ့များဖြစ်ပါသည်။
ယနေ့အချိန်ထိ ဒုတိယအုပ်စုဝင် အဖွဲ့များသည် အခြား အုပ်စုများထက် ပိုမိုကောင်းမွန်စွာ အကူအညီများကို ပေါင်းစပ်ညှိ့နိုင်းပြီး လုပ်ကိုင်နိုင်သည်ကို တွေ့ရပါသည်။ သို့သော် မြို့ပေါ် နှင့် တခြား ထိစပ်ဒေသများမှ လွဲ၍ ဝေးလံခေါင်ဖျားဒေသများသို့ အကူအညီများ ပေးပို့နိုင်ရန် ၎င်းတို့အနေဖြင့်လည်း အခက်အခဲတွေ့နေဆဲဖြစ်သည်။ တခြား အဖွဲ့အစည်းများကဲ့သို့ပင် ၎င်းတို့အနေဖြင့် အရင်းအမြစ်များကို လျှင်မြန်စွာ စုစည်းထောက်ပံ့နိုင်သော အားသာချက်များရှိသည်။ သို့သော် ၎င်းတို့၏ အခက်အခဲများမှာ မလုံလောက်သော ငွေကြေးနှင့် ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ အရင်းအမြစ်များ၊ သတင်းအချက်အလက်မလုံလောက်မှု၊ စနစ်ကျသော ကူညီတုန့်ပြန်ရေး မူဝါဒများ နှင့် ဦးစားပေး နယ်မြေများကို သတ်မှတ်ရွေးချယ်ရခြင်း ကိစ္စတို့ပါဝင်ပေသည်။
ထိုကဲ့သို အခက်အခဲ၊ စိန်ခါ်မှု အမျိုးမျိုးကို ကြုံတွေ့နေရသည်မှာ ပြည်တွင်းအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများသာမဟုတ်ဘဲ၊ ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံတကာလူသားချင်းစာနာမှု ဆိုင်ရာ အဖွဲ့အစည်းများတွင်လည်း တွေ့ရသည်။ ဆိုင်ကလုန်းပြီးကတည်းကပင် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သော ဒေသများတွင် အရေးပေါ်ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နိုင်ရန်အတွက် နစကအာဏာပိုင်များထံမှ ခွင့်ပြုချက်ကို စောင့်ဆိုင်းတောင်းခံနေခဲ့သော ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိ့နိုင်းရေးရုံး (UNOCHA) ၏ ရပ်တည်ချက်ကို များစွာသော ဝေဖန်မှု များရှိနေခဲ့ပေသည်။ တဖက်တွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) နှင့် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) တို့သည် ဆိုင်ကလုန်းတိုက်ခတ်ပြီး ရက်အနည်းငယ်ကတည်းကပင် စစ်တွေ နှင့် ရသေ့တောင်မြို့နယ်များအပါအဝင် နစက ထိန်းချုပ်ရာ မြို့ပေါ်ဒေသများ နှင့် ULA ထိန်းချုပ်ရာ ကျေးလက်ဒေသများတွင်ပါ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များစွာမှ ဖော်ပြကြပေသည်။
ထိုကဲ့သို့ ကြန့်ကြာမှုများကြောင့် ဆိုင်ကလုန်းမှသက်ရောက်သော အကျိုးဆက်များကို ပိုမို ဆိုးရွားစေခဲ့ပေသည်။ ထိခိုက်ပျက်စီးမှုသည် ကြီးမားလှပြီး၊ ဒေသခံအဖွဲ့အစည်းများမှ ကူညီထောက်ပံ့နိုင်မှုသည် လုံလောက်မှု လွန်စွာ နည်းလှသည်။ အဆိုပါ အခြေအနေများကို ပိုမို အကျပ်အတည်းဆိုက်စေခဲ့သည်မှာ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို လက်ရှိ စစ်အရာရှိများ ပါဝင်ကာ ဖွဲ့စည်းထားသော ‘ပြန်လည်ထူထောင်ရေး ကော်မတီ’ မှ တဆင့်သာ ထောက်ပံ့ကူညီခွင့်ပေးမည်ဟု နစက အာဏာပိုင်များမှ မကြာသေးခင်က ထုတ်ပြန်ချက်ဖြစ်သည်။ နောက်ထပ် ထုတ်ပြန်ချက်တခုတွင်လည်း လူသားချင်းစာနာမှုအထောက်အပံ့ပေးနေသူများအနေဖြင့် နစက အာဏာပိုင်များထံမှ ခွင့်ပြုချက်ရယူပြီးမှသာ ခရီးသွားလာခွင့်ပေးမည်ဟုလည်း ဆိုထားသည်။ ထိုကဲ့သို့ ထုတ်ပြန်ချက်များသည် ‘လူသားချင်းစာနာခြင်း’ (humanity)၊ ‘ကြားနေခြင်း’ (neutrality)၊ ‘ဘက်မလိုက်ခြင်း’ (impartiality) နှင့် ‘လွတ်လပ်မှုရှိခြင်း’ ဟူသော ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ အခြေခံမူများကို ချိုးဖောက်လိုက်ခြင်းလည်း ဖြစ်သည်။
လက်တွေ့တွင် အဆိုပါ လူသားချင်းစာနာမှုဆိုင်ရာမူများသည် နစက၏ တဖက်သတ် ဆုံးဖြတ်ချက် များကို စောင့်ဆိုင်းနေရခြင်း နှင့် UNOCHA အနေဖြင့် အရေးပေါ်ကူညီကယ်ဆယ်ရေး များလုပ်ဆောင်ရန် ‘ကိုယ်ပိုင်ဆုံးဖြတ်ခွင့်’ (autonomy) ကင်းမဲ့နေမှုကြောင့် ယခင်ကတည်းက ချိုးဖောက်ခံနေရပြီး ဖြစ်ပေသည်။ ထိုကဲ့သို့ အဖျက်သဘော လုပ်ရပ်များ၏ ဆိုးကျိုးများကိုလည်း ကုလသမဂ္ဂဌာနေ ညှိ့နိုင်းရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ရေးမှူး၏ ဇွန်လ ၁၄ ရက်နေ့ထုတ်ပြန်ချက်တွင်
“လိုအပ်သည့် ကူညီထောက်ပံ့ရေးကို တားမြစ်ခြင်းသည် အိုးမဲ့အိမ်မဲ့ဖြစ်နေသူ၊ အစားအသောက်ပြတ်လပ်နေသူများ၏ ထိခိုက်ခံစားနေရမှုကို ပိုမို ကြာရှည်စေသည်။ ထိုကိစ္စသည် အစားအသောက် ပြတ်လတ်ခြင်း နှင့် ရေကြောင့်ဖြစ်သော ရောဂါ၏ အန္တရာယ်ကိုလည်း ပိုမိုကြီးမားစေနိုင်ပါတယ်” ဟု ဖော်ပြထားသည်။
လက်ရှိကာလတွင် ထိုကဲ့သို့ လိုအပ်မှုများကို ကိုင်တွယ်ဆောင်ရွက်နိုင်ရန် အလားအလာအခွင့်အလမ်း အနည်းငယ်သာ ရှိပေသည်။ ၎င်းတို့၏ နောက်ဆုံးထုတ်ပြန်ချက်တခုတွင် UNOCHA မှ လိုအပ်သော ငွေကြေး နှင့် လက်ခံရရှိထားသော ငွေကြေး ကွာဟမှုမှာ ယူအက်စ်ဒေါ်လာ ၃၃၃ သန်း နှင့် ၂၁.၇ သန်း ဟု ဖြစ်နေသည်ဟု ဖော်ပြထားပြီး၊ ဘေးအန္တရာယ်ကျရောက်ခဲ့သော ဒေသများသို့ သွားလာ ဆက်သွယ်ရေးကိစ္စများကို တားမြစ်ခံထားရဆဲ ဖြစ်သည်ဟု ဖော်ပြထားသည်။