အမျိုးသမီးမပါဘဲ ငြိမ်းချမ်းမှုမရှိနိုင် - မြန်မာနိုင်ငံအတွင်း ကျား/မတန်းတူညီမျှမှု၊ စစ်မက်ပဋ္ဋိပက္ခနှင့် ငြိမ်းချမ်းရေး

Fecha de publicación:

ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ကျား/မရေးရာကိစ္စ၊ တိုင်းရင်း သားအရေးနှင့် အခြား သရုပ်လက္ခဏာများ အကြား ဆက်စပ်ပတ်သက်နေမှုများကို ပိုမိုနားလည်သဘောပေါက် ရန် လိုအပ်နေသည်မှာ ကြာပြီဖြစ်သည်။ နိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်း ရေးနှင့် ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန် ပဋိပက္ခ ဖြေရှင်းမှုနှင့် နိုင်ငံတော်အဆင့်ပြုပြင်ပြောင်းလဲမှုတွင် အမျိုးသမီးအဖွဲ့အစည်းများ၏ ပါဝင်မှုနှင့် အမျိုးသမီးအခွင့်အရေးများ နှင့်ပတ်သက်သည့် တိုးတက်မှုအခြေ အနေသည် အရေးပါလှပါသည်။

Sobre အမျိုးသမီးမပါဘဲ ငြိမ်းချမ်းမှုမရှိနိုင် - မြန်မာနိုင်ငံအတွင်း ကျား/မတန်းတူညီမျှမှု၊ စစ်မက်ပဋ္ဋိပက္ခနှင့် ငြိမ်းချမ်းရေး

Tipo de publicación
Policy briefing
Part of series
Myanmar Policy Briefing Series , 18
ISBN/ISSN
2214-8957

အဓိကဆွေးနွေးချက်များ

  • မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ ပြည်တွင်းစစ်ဒဏ်နှင့် စစ်တပ်၏အုပ်ချုပ်မှုအောက်တွင်နေထိုင်ခဲ့ကြရပါသည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် ကျား/မတန်းတူညီမျှမှု မရှိခြင်း အပါအဝင် အကြမ်းဖက်မှု၏ အခြေခံကျသည့် အကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းရန် အလွန်အရေးကြီးလှပါသည်။ ကျား/မတန်းတူ ညီမျှမှုမရှိခြင်းကြောင့် လူမှုဘဝအတွင်း ပဋိပက္ခ၊အကြမ်းဖက်မှုနှင့် မလုံခြုံမှုတို့ဖြစ်ရခြင်းကို ဆန်းစစ်လေ့လာရန် မဖြစ်မနေလိုအပ်ပါသည်။ အမျိုးသမီးများသည် ပဋိပက္ခနှင့် ငြိမ်းချမ်းရေးတွင် ကိုယ်တိုင်ပါဝင်သူများ၊ အသက်ရှင် ကျန်ရစ်ခဲ့သူများနှင့် (ပဋိပက္ခဒဏ်) ခံစားခဲ့ကြရသူများအဖြစ် အမျိုးသားများ ကြုံတွေ့ရသည့် အတွေ့အကြုံများနှင့်မတူဘဲ သီးခြားပုံစံမျိုးဖြင့် ပြည်တွင်းစစ်၏ အကျိုးဆက်ကို တွေ့ကြုံခံစားကြရပါသည်။
  • ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီစနစ်အောင်မြင်စွာဖေါ်ဆောင်ရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အရေးပါလှသည်။ အားလုံးပါဝင်သည့် ထိရောက်သော ငြိမ်းချမ်းရေးနှင့် နိုင်ငံ၏ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တစ်ခုဖြစ်ထွန်းစေရန် အမျိုးသမီးများအနေဖြင့် ပဋိပက္ခများကို ကာကွယ်ဖြေရှင်းနိုင်ရန် ဆုံးဖြတ်ချက်ချမှတ်သည့်အဆင့်တိုင်းတွင် ပါဝင်ရန် လိုအပ်ပါသည်။
  • ငြိမ်းချမ်းရေးသဘောတူညီချက်များတွင် အမျိုးသမီးများ၏ သီးခြားမတူညီသည့် လိုအပ်ချက်များနှင့် ဦးစားပေးမှုများကို ထည့်သွင်းစဉ်းစားမှုမရှိခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ဖြစ်လာစေနိုင်မှုအတွက် ကြီးစွာအဟန့် အတားဖြစ်စေကြောင်းကို နိုင်ငံတကာအတွေ့အကြုံများက သက်သေပြနေသည်။ ယခုအခါ ကမ္ဘာ့အမျိုးသမီးများ၏ လှုပ်ရှားမှုများ၏ တိုက်တွန်းဖိအားပေးမှုများကြောင့် ငြိမ်းချမ်းရေးနှင့် အုပ်ချုပ်စီမံမှုဆိုင်ရာ နိုင်ငံတော်အဆင့်ကိစ္စရပ် များနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်များချမှတ်ရာတွင် အမျိုးသမီးများလည်း တန်းတူညီမျှစွာပါဝင်နိုင်စေရန် အစိုးရများ အနေဖြင့် မဖြစ်မနေလိုက်နာရမည့် နိုင်ငံတကာသဘောတူညီချက်များစွာ ရှိခဲ့ပြီဖြစ်သည်။
  • ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် နိုင်ငံ၏ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ရာတွင် အမျိုးသမီးများအား တန်းတူအခွင့်အရေးများပေးရမည်ကို မြန်မာ့နိုင်ငံရေးခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် သဘောပေါက်နားလည်ဟန်မရှိချေ။ အဆင့်မြင့် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှုများတွင် များသောအားဖြင့် အမျိုးသမီး များအား ဖယ်ကြဉ်ထားခဲ့ကြသည်။ အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းမှုများဖြစ်ထွန်းစေရန် အရေးကြီးသည့် ကြိုးပမ်းချက်များကို လုပ်ဆောင်နေကြသော်လည်း တရားဝင်အသိအမှတ်ပြု မခံကြရချေ။
  • ဖိနှိပ်ချုပ်ချယ်မှုနှင့် ခွဲခြားဆက်ဆံမှုတို့ ခံနေကြရသော်လည်း အမျိုးသမီးအဖွဲ့များသည် နိုင်ငံ၏အနာဂတ်နှင့်ပတ်သက် သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဆုံးဖြတ်ချက်များတွင် တန်းတူပါဝင်ခွင့်ရရှိစေရေး အတွက် ကြိုးပမ်းမှုနှင့် အမျိုးသမီးအခွင့်အရေးများ မြှင့်တင်မှုတို့တွင် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိပါသည်။ မြန်မာခေါင်းဆောင်များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဤကြိုးပမ်းချက်များကို အသိအမှတ်ပြုကြောင်း ဖေါ်ပြရန်နှင့် ရှေ့ဆက်လုပ်ဆောင်မည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီစနစ်ဖေါ်ဆောင်ရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ပြီး ကျား/မတန်းတူညီမျှမှုရှိသည့် ဆုံးဖြတ်ချက်ချမှတ်ရေး အခွင့်အလမ်းများကို ပိုမိုရရှိအောင် လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။

မိတ်ဆက်

ဤမူဝါဒရှင်းလင်းချက်တွင် မြန်မာနိုင်ငံရှိ စစ်မက်ပဋိပက္ခ၏ ကျား၊မရေးရာ (ဂျဲန်ဒါ) ရှုထောင့်များနှင့် ကျား၊မရေးရာနှင့်ပတ်သက်ပြီး အကျိုးသက်ရောက်မှုကို လေ့လာဆန်းစစ်ထားပါသည်။၁ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် ကျား၊မရေးရာကိစ္စ၊ တိုင်းရင်းသားအရေးနှင့် အခြား သရုပ်လက္ခဏာများ အကြား ဆက်စပ်ပတ်သက်နေမှုများကို ပိုမိုနားလည်သဘောပေါက်ရန် လိုအပ်နေသည်မှာ ကြာပြီဖြစ်ပြီး ယင်းကဲ့သို့သောသတင်းအချက်အလက်မျိုးမှာလည်း အတော်ပင် ရှားပါးလှသည်။ နိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန် ပဋိပက္ခ ဖြေရှင်းမှုနှင့် နိုင်ငံတော်အဆင့်ပြုပြင်ပြောင်းလဲမှုတွင် အမျိုးသမီးအဖွဲ့အစည်းများ၏ ပါဝင်မှုနှင့် အမျိုးသမီးအခွင့်အရေးများ နှင့်ပတ်သက်သည့် တိုးတက်မှုအခြေအနေသည် အရေးပါလှပါသည်။

ပြည်တွင်းစစ်နှင့် စစ်တပ်အုပ်ချုပ်မှုအောက်တွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ရခြင်းက မြန်မာပြည်သူပြည်သားများ အထူးသဖြင့် စစ်မက်အများဆုံးဖြစ်ပွားခဲ့သည့် တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ ဒေသများတွင် ပြင်းထန်နက်ရှိုင်းလှသည့် အကျိုးဆက်များဖြစ်စေခဲ့သည်။ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးလည်းဖြစ် ယခင် စစ်အစိုး ရအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် သမ္မတသိန်းစိန်အစိုးရ စတင်လုပ်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြောင့် နောက်ဆုံးတွင် ပို၍ ဒီမိုကရေစီနည်းကျပြီး အားလုံးပါဝင်သည့် လူ့ အဖွဲ့အစည်းတစ်ခုဆီသို့ရောက်ရှိနိုင်ပြီး တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအရသဘောတူညီချက် များရယူခြင်းမှတဆင့် အဓိက မကျေနပ်ချက်များနှင့်လိုလားတောင့်တချက်များကို ကိုင်တွယ်ပေးခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးသို့ ရောက်ရှိလိမ့်မည်ဆိုသည့် မျှော်လင့်ချက်များ မြင့်တက်ခဲ့ကြပါသည်။ သို့သော် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် တပိုင်းတစ လက်မှတ်ရေးထိုးခဲ့ကြသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှသောင်ပြိုကမ်းပြို အနိုင်ရခဲ့သော၂၀၁၅ ခုနှစ် နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲ၂ တို့ရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ်အစပိုင်းတွင် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသား ဒေသများတွင်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိဆဲပင်ဖြစ်သည်။ ယင်းဖြစ်စဉ်နှစ်ခုလုံး၏ အကျိုးရလဒ်မှာလည်း ယခုအချိန်ထိ ရှင်းရှင်းလင်းလင်း မရှိသေးချေ။

တိုက်ပွဲများဆက်လက်ဖြစ်ပွားနေစဉ် ဤပဋိပက္ခဒုက္ခနှင့် ဘေးဖယ်ခံထားရမှုကြောင့် ဖြစ်လာသည့် ကျား/မ ဆိုင်ရာ နောက်ဆက်တွဲ အကျိုးဆက်များကို ဆွေးနွေးပွဲများနှင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်ရာ တွင် နားလည်အောင် ထည့်သွင်းဆွေးနွေးခဲ့ခြင်းမျိုးမရှိချေ။ ဤသို့ လျစ်လျုရှုမှုမျိုးကို ယခုအခါ အဆုံးသတ်ရပါလိမ့်မည်။ စစ်ပွဲတွင် အမျိုးသားများ အသေ အပျောက်နှုန်းမှာ အမြင့်ဆုံးဖြစ်သော်လည်း အမျိုးသမီးအများစုမှာမူ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခံရမှု၊ လူကုန်ကူးခံရမှုနှင့် အခြားလူ့အခွင့်အရေး ချိုးဖေါက်ခံရမှု အမျိုး မျိုး၊ ရေကောင်းရေသန့် မရရှိခြင်းနှင့် ကျန်းမာရေး ပြုစုစောင့် ရှောက်မှုမရရှိခြင်း၊ အမျိုးသမီး အိမ်ထောင်ဦးစီး လုပ်ရသည့် အိမ်ထောင်စုများ ပိုမိုများလာခြင်းနှင့် ပဋိပက္ခဖြစ်သည့် ဒေသများ တွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် တာဝန် ပိုများစွာကို ပင်ပန်းစွာလုပ်ဆောင်ကြရပြီး သွယ်ဝိုက်သည့် နည်းဖြင့် ခံစားရသည့် အကျိုးဆက် ဒုက္ခများကိုမူ ခံစားနေကြရပါသည်။ ယင်းကိစ္စများကို မကိုင်တွယ်ကြဘဲ နိုင်ငံတော်အဆင့် နိုင်ငံရေး အခင်းအကျင်းတွင် ဖယ်ကြဉ်ထားမှုနှင့် ငြိမ်းချမ်းရေးဖေါ် ဆောင်သည့် လုပ်ငန်းများတွင် အမျိုးသမီးများ ပါဝင်ခွင့်ကို ငြင်းပယ်လေ့ရှိခဲ့ကြသည်။ လူ့ အဖွဲ့အစည်းအတွင်း “ဒုတိယတန်းစား” သို့မဟုတ် “ထိန်းချုပ်ခံထားရသည့်” အုပ်စုတစ်စုဖြစ်နေသည့် အမျိုးသမီးများအဖြစ်သို့မရောက် ရှိစေဘဲ နိုင်ငံတော်အဆင့်တွင် အချိုးကျ ပါဝင်ခွင့် ရရှိရေးသည် ယနေ့ နိုင်ငံအနေဖြင့် ရင်ဆိုင်နေရသော လူမှုရေး - နိုင်ငံရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွင် အခြေခံကျ၍ အရေးကြီးသော စိန်ခေါ်မှုများအနက် တစ်ခုပင်ဖြစ်သည်။

ဤသို့သောအခက်အခဲများစွာ ရှိနေသော်လည်း ဆယ်စုနှစ်များစွာ မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများနှင့် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ငြိမ်းချမ်းရေး၊ ရပ်ရွာတည်ဆောက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးအတွက် အောက်ခြေ နှင့်အရပ်ဘက်အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းများတွင် ပြောင်းလဲစေရန်လုပ်ကိုင်သူများအဖြစ် တက်ကြွစွာလုပ်ဆောက်လျက်ရှိကြပါသည်။ သို့သော် သူတို့၏အခန်း ကဏ္ဍကိုအသိအမှတ်မပြုခံရသလောက် ဖြစ်နေပြီး ဦးသိန်းစိန် အစိုးရလက်ထက်တွင်သာမက ယခင် နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (နအဖ၊ယခင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တရား ဥပဒေစိုးမိုးရေး ကောင်စီလက်ထက်တွင်ပါ ခြွင်းချက် အနည်းငယ်မှအပ အမျိုးသမီးများသည် အဆင့်မြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်မရခြင်းမှာ သိသာ ထင်ရှားလှသည်။ ထို့ကြောင့်နိုင်ငံ၏ နိုင်ငံရေး ခေတ် သစ်တွင် ငြိမ်းချမ်းရေး တည်ဆောက်ရာ၌ အမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲများကို ပိုမို နားလည် သဘောပေါက်စေရန်နှင့် အမျိုးသမီးများ၏ မရှိမဖြစ် အခန်းကဏ္ဍကို မြှင့်တင်ပေးရန် အရေးတကြီး လိုအပ်နေပါသည်။၂၀၁၅ခုနှစ်အပြည်ပြည်ဆိုင်ရာငြိမ်း ချမ်းရေးနေ့ တွင် လှုပ်ရှားတက်ကြွသူ အမျိုးသမီးများ ကြွေးကြော်ခဲ့ ကြသကဲ့သို့ “အမျိုးသမီးမပါဘဲ၊ငြိမ်းချမ်းမှုမရှိနိုင်”ချေ။

ဦးစားပေးလုပ်ငန်းတစ်ခုအနေဖြင့် မိမိတို့၏ဘဝ၊ ရပ်ရွာအသိုင်းအဝိုင်းများနှင့်နိုင်ငံ နှင့်ပတ်သက်ပြီးပြည်သူအားလုံးနှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပါဝင်ခွင့်ကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်း များစွာဖြင့် အမျိုးသမီး များအားလုံး တန်းတူပါဝင်ခွင့်ရရှိစေရန် ပြဋ္ဌာန်းပေးရန် လိုအပ်ပါသည်။ ယနေ့ခေတ်တွင် ဤအခွင့်အရေးများသည် လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များတွင် အခိုင်အမာ ပြဋ္ဌာန်းထားပါသည်။ မြန်မာနိုင်ငံတွင် ယင်းအခွင့် အရေးများကို အပြည့်အဝအာမခံရရှိရန်အတွက် အကောင်အထည် ဖေါ်ရန်လိုအပ်နေပါသည်။ နိုင်ငံအသီးသီးရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှ သက်သေပြနေသည့်အတိုင်းငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ဒီမိုကရေစီ ဖေါ်ဆောင်မှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်အဆင့်တိုင်းတွင် အမျိုးသမီးများကိုယ်စားပြုပါဝင်ခဲ့လျှင် အမျိုးသမီးများနှင့် အမျိုးသားများအကြား ကျား/မ ကွဲပြားမှု အပေါ် အခြေခံသည့် လိုအပ်ချက်များကို ပို၍ညီမျှစွာ ကိုင်တွယ်ဖြေရှင်းနိုင်ပါမည်။ ယင်းသို့ ထည့်သွင်းခြင်းသည် အပြန်အလှန် အားဖြင့်လည်း နိုင်ငံတည်ငြိမ်မှုနှင့် ပြုပြင်ပြောင်းလဲမှုတို့ လုပ်ဆောင်ရာတွင် မရှိမဖြစ် အရေးကြီးသည့် အချက်တစ်ခု လည်းဖြစ်သည်။၃

ဤစာတမ်းကို မြန်မာနိုင်ငံ၏ လက်ရှိတိုင်းရင်းသားနှင့်နိုင်ငံရေးအခြေအနေများကို ခြုံငုံသုံးသပ်ချက်ဖြင့် စတင်ပြီး မြန်မာနိုင်ငံ၏ ပဋိပက္ခဖြေရှင်းမှုနှင့် အမျိုးသားရင်ကြားစေ့ရေးတွင် အမျိုးသမီးများ လက်ရှိပါဝင်မှုကို ဆက်လက် လေ့လာဆန်းစစ်ပါမည်။ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများတွင် ကျား၊မ အားလုံး ပါဝင်မှုရှိသည့် ငြိမ်းချမ်းရေး သဘော တူညီချက်များနှင့် ငြိမ်းချမ်းရေးတည်ဆောက်ကြိုးပမ်းချက် များ၏ သိသာထင်ရှားသော ကွာခြားချက်များကိုလည်း ရည်ညွန်းဖေါ်ပြပါမည်။၎ ထို့နောက်လက်ရှိအခင်းအကျင်းကို သုံးသပ်ချက်နှင့်အတူ မြန်မာနိုင်ငံတွင် ကျား/မ တန်းတူ ညီမျှမှုရှိပြီး အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ် တစ်ခုဖြစ်ရန် အရေးတကြီး လိုအပ်နေကြောင်းကို ရှင်းလင်းစွာ တင်ပြဆွေးနွေးပါမည်။ ဤစာတမ်းကို တစ်နိုင်ငံလုံးရှိ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများတွင် တိုင်းရင်းသားလူမျိုးအားလုံးမှ အမျိုးသမီးများ ပါဝင်မှုနှင့် ကျား၊မ ကွဲပြားမှုအပေါ် အခြေခံသည့် ခွဲခြား ဆက်ဆံမှုတို့ကို နားလည်သဘောပေါက်ပြီး ကိုင်တွယ်လုပ် ဆောင်ရန် အကြံပြုချက်များဖြင့် နိဂုံးချုပ်ပါမည်။

Ideas en movimiento

Impulsa nuestra labor

Si deseas apoyar nuestro trabajo, considera realizar una donación. Nos comprometemos a que nuestra valiosa investigación esté accesible sin costo, pero para eso necesitamos de tu ayuda. Si todas las personas que leen nuestro contenido realizan una donación de tan solo €12 podremos apoyar nuestro trabajo durante tres años.

Done Ahora