မြန်မာစစ်တပ် နှင့် ရက္ခိုင့်တပ်တော်တို့ကြားတွင် လွန်ခဲ့သော ၂၀၂၂ ခုနှစ်၊ နိုင်ဝင်ဘာလနှောင်းပိုင်းတွင် လူသားချင်းစာနာမှုဆိုင်ရာအပစ်အခတ်ရပ်စဲမှုပြုလုပ်ပြီးနောက် ရက္ခိုင်ပြည်၏ နိုင်ငံရေးအခင်းအကျင်းမှာ နိုင်ငံတခြားဒေသများနှင့် နိုင်းယှဥ်လျှင် တစုံတရာတည်ငြိမ်သောကာလတခုကိုရောက်လာခဲ့သည်။ အကျိုးဆက်အနေဖြင့် ဒေသခံလူထုမှာကုန်သွယ်ရေးလမ်းကြောင်းများ ပွင့်လန်းလာခြင်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဆေးဝါးနှင့် တခြားသောအခြေခံစားသုံးကုန်များအတွက် အခွင့်အလမ်းကောင်းများပြန်လည် ရလာခဲ့သည်။ သို့သော် အဆိုပါအခြေအနေတစ်ခုသည် မေ လ ၁၄ ရက်၊ မနက် ၁၁ နာရီ မှ နေ့ခင်း ၁ နာရီ ခန့်တွင် ၁ နာရီကို လေတိုက်နှုန်း ကီလိုမီတာ ၂၀၀ ကျော်၊ (မိုင်နူန်း ၁၉၅) ဖြင့် ယီမင်နိုင်ငံ အနီရောင်ပင်လယ်ဆိပ်ကမ်းမြို့ တစ်ခုအမည်ပေးထားပြီး ‘အလွန့်အလွန်ပြင်းထန်သော’ မိုချာ (Mocha) (သို့) မိုခါ (Mokha) ဆိုင်ကလုန်း တိုက်ခတ်သောအခါ ကြာကြာမခံလိုက်တော့ပေ။
တိကျမှန်ကန်သော သတင်း နှင့် အချက်အလက်များ ရရှိရန် ခက်ခဲနေဆဲဖြစ်သည်။ သို့သော် ဆိုင်ကလုန်းတိုက်ခတ်ရာ လမ်းကြောင်းတလျှောက် ဒူးထောက်အရှုံးပေးဖျက်ဆီးခံလိုက်ရသော အဓိက မြို့များနှင့် မြို့နယ်များမှာ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား နှင့် မြေပုံတို့ဖြစ်သည်။ တခြားသော မြို့နယ်များတွင် သက်ရောက်မှု ပမာဏသည် အတိုင်းအတာတခုထိ နည်းသည်။ သို့သော် သမိုင်းနှင့် ပထဝီအနေအထားအရဆိုလျှင် အဓိက သက်ရောက်မှုအား ပြင်းထန်ခဲ့သော နေရာများမှာ အာရက္ခဆယ်ဗယ်လိုင်ဇေးရှင်း (Arakan civilization) ၏ နှလုံးဗြူပွတ်နေရာများဖြစ်ပြီး၊ ကုလားတန်မြစ်ဝှမ်းဒေသတလွှား နိုင်ငံရေးနှင့် စီးပွါးရေးအာဏာဖြစ်တည်မှု၏ ကျောရိုးလည်း ဖြစ်သည်။ ရက္ခိုင်ပြည်သူလူထု၏ အများစုသည်ပင် အဆိုပါ နေရာများတွင် နေထိုင်ကြပြီး၊ အဆိုပါ နေရာများသည်ပင် စစ်ပွဲတွင်း လက်နက်ကိုင်ပဋိပက္ခ အပြင်းထန်ဆုံးနှင့် ကျယ်ပြန့်စွာ ဖြစ်ပွါးခဲ့သော ဒေသများဖြစ်သည်။
ဆိုင်ကလုန်းမုန်တိုင်းကြောင်း မည်မျှအတိုင်းအတာထိ ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည်ကို ဆက်လက် ရေတွက်နေရဆဲဖြစ်သည်။ မေလ ၁၆ ရက်နေ့ထုတ်၊ UNOCHA ၏ အချက်အလက်များအရဆိုလျှင် ရက္ခိုင်ပြည်နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ အနောက်မြောက်ဖက်ဒေသတလွှား မုန်တိုင်းလမ်းကြောင်းတလျှောက်တွင် လူပေါင်း ၅.၄ သန်းထိ ကျရောက်နိုင်ခဲ့သည်ဟု ဆိုသည်။ ထိုအထဲတွင် ၃.၂ သန်းခန့်သည် ထိလွယ်ရှလွယ်ဖြစ်ပြီး၊ လက်တလော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နိုင်ခြေရှိသည်ဟုလည်း ဆိုသည်။ သို့သော် UNOCHA ၏ ထုတ်ပြန်ချက်တွင် ရက္ခိုင်ပြည်အပါအဝင် ဒေသတခုချင်းစီ၏ လူဦးရေကို ဖော်ပြမထားပေ။ ထို့နေမှာပင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (United League of Arakan/Arakan Army- ULA/AA) ၏ ဌာနတခုဖြစ်သော ‘လူသားချင်းစာနာမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ညှိ့နှိုင်းရေးရုံး’ (Humanitarian and Development Coordination Office-HDCO) ၏ ထုတ်ပြန်ချက်တခုတွင် ရက္ခိုင်ပြည်တွင် ထိခိုက်သက်ရောက်ခဲ့သော လူဦးရေ အရေအတွက်ကို ၁.၅ သန်းခန့်ဟု ဖော်ပြထားသည်။ ဆေးရုံ၊ စာသင်ကျောင်း၊ နှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများအပါအဝင် အိမ်ပေါင်း ၄ သိန်းကျော်ခန့် လုံးဝ (သို့) တစိတ်အပိုင်း ပျက်စီးဆုံးရှုံးခဲ့သည်ဟုလည်း ဖော်ပြထားသည်။ ထိုအထဲတွင် မြို့နယ်အများအပြားတွင်ရှိသော စစ်ဘေးဒုက္ခသည်စခန်း (IPD camps) များလည်း ပါဝင်သည်။
ထိုကဲ့သို့ ခန်းမှန်းတွက်ချက်မှု များအပါအဝင် လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု နှင့် ပျောက်ဆုံးနေမှုများအပါအဝင် ထိခိုက်သေကြေမှုများနှင့် ပတ်သတ်သော ကိန်းကဏန်းများမှာ ပြောင်းလဲလျက်ရှိနေပြီး၊ စစ်တွေမြို့နယ်တွင်း ရိုဟင်ဂျာ ၄၀၀ ခန့် သေဆုံးမှုနှင့် ပတ်သတ်၍လည်း မတူသော အမြင်များကို ပြောနေကြသည်။ ဥပမာအားဖြင့် စစ်ကောင်စီမှ မေလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရဆိုလျှင် အဆိုပါ သေဆုံးမှုသတင်းသည် သတင်းမှားတစ်ခုဖြစ်ပြီး၊ မေလ ၁၈ ရက်နေ့အထိ ရိုဟင်ဂျာ ၁၁၇ ဦးအပါအဝင် ရက္ခိုင်ပြည်အတွင်း စုစုပေါင်း သေဆုံးမှုသည် ၁၄၅ ဦးသာ ရှိသည်ဟု ဆိုသည်။ အဆိုပါ ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်မှာ သေဆုံးသွားသူများသည် အာဏာပိုင်များ၏ ရွေ့ပြောင်းနေရာချထားရေးလုပ်ဆောင်ချက်ကို ငြင်းဆန်ခဲ့သူများဖြစ်ပြီး၊ အဆိုပါ ကိစ္စအတွက် သူတို့တွင် တာဝန်မရှိကြောင်းနှင့် အဆိုပါ သတင်းထားဖော်ပြထားသော မီဒီယာများကိုလည်း တရားစွဲဆိုရန် ခြိမ်းခြောက်ထားသည်။
သို့သော် တခြားတဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) နှင့် ၎င်း၏ ရိုဟင်ဂျာကိုယ်စားလှယ်ဖြစ်သူ ကိုအောင်ကျော်မိုးအပြင် ရိုဟင်ဂျာအသိုင်းအဝိုင်းဝင် တချို့မှ အဆိုပါ သေးဆုံးမှုအရေအတွက်မှာ အမှန်တကယ်ဖြစ်နိုင်ပြီး၊ ဆက်သွယ်ရေးစနစ်များအား ပြန်လည်ထူထောင်ပြီး တိကျသော သတင်းများရရှိပါက ပို၍ များပြားလာနိုင်သည်ဟုဆိုသည်။ ရက္ခိုင်ဒေသ အခြေစိုက် နိရဥ္စရာသတင်းဌာနနှင့် အင်တာဗျူးတခုတွင် ကိုအောင်ကျော်မိုးမှ
“စစ်ကောင်စီထိမ်းချူပ်ထားတဲ့ဒေသတွေမှာ ULA ထိမ်းချူပ်ထားတဲ့ ဒေသတွေထက် ဘာကြောင့် အသေအပျောက်ပိုများရသလဲဆိုရင် မိုချာဆိုင်ကလုန်းအတွက် ကြိုတင်ပြင်ဆင်ရေးနဲ့ ကယ်ဆယ်ရေးတွေ လုပ်တဲ့အခါမှာ အာဏာပိုင် နှစ်ခုကြားမှာ စစ်မှန်တဲ့ နိုင်ငံရေး စိတ်၊ စေတနာ ရှိတာ၊ မရှိတာနဲ့ ဆိုင်တယ်” ဟု ဆိုသည်။”
ဆိုင်ကလုန်းမတိုင်ခင် အခြေအနေကို ပြန်ကြည့်ခြင်း
မှတ်တမ်းအရဆိုလျှင် ၁၉ ရာစုနှောင်းပိုင်းမှသည် ရက္ခိုင်ကမ်းရိုးတန်းဒေသကို တိုက်ခတ်ခဲ့သော မုန်းတိုင်းများထဲတွင် မိုချာသည် (၁၄) ကြိမ်မြောက်ဖြစ်သော်လည်း ပျက်စီးဆုံးရှုံးမှု အများဆုံးဟု ဆိုနိုင်ပါသည်။ အိန္ဒိယမိုးလေဝါသတိုင်းတာရေးဌာန၏ ထုတ်ပြန်ချက်အရဆိုလျှင် မေလ ၉ ရက်နေ့တွင် ဆိုင်ကလုန်းအား အင်အားပြင်းမုန်းတိုင်းငယ် (depression) ဖြစ်လာပြီး၊ ၁၀ ရက်နေ့တွင် ‘မိုချာ ဆိုင်ကလုန်း’ အဖြစ်သို့ ပြောင်းလဲသွားသည်ဟု ဆိုသည်။ နောက်ထပ် နှစ် ရက်ကြာသောအခါ မုန်းတိုင်း၏ ဦးတည်ချက်သည် ဘင်္ဂလားဒေချ့်နိုင်ငံ စစ်ကောင်းဒေသနှင့် မြန်မာနိုင်ငံ ရက္ခိုင်ကန်းရိုးတန်းဒေသသို့ ဝင်ရောက်နိုင်သည်ဟု ဆိုခဲ့သည်။ နောက်နှစ်ရက်ကြာသောအခါ ရက္ခိုင်ကန်းရိုးတန်းဒေသ စစ်တွေနှင့် ရသေ့တောင်မြို့ကြား လမ်းကြောင်းတလျှောက်သို့ မုန်းတိုင်းဝင်ရောက် တိုက်ခတ်တော့သည်။
အဆိုပါ အန္တရာယ်ကို ကြိုတင်ကိုင်တွယ်သည့်အနေဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ကြိုတင်သတိပေးမူ နှင့် ပြင်ဆင်မူများကို မေလ (၇) ရက်နေ့ကတည်းက စတင်ခဲ့သည်။ နောက်ထပ် နေ့များတွင်လည်း ULA ၏ HDCO ဌနာမှ ‘ဆောင်ရန်၊ ရှောင်ရန်’ လုပ်ရမည့် အကြောင်းအရာများကို မြေပြင်နှင့် အင်တာနက်စာမျက်နှာများတွင် ဖြန့်ဝေခဲ့သည်။ မေလ ၁၃ ရက်နေ့အရောက်၊ မုန်တိုင်းမတိုက်ခင် တရက်အလိုတွင် ULA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခမှ ၎င်းတို့ အစိုးရအနေဖြင့် မြို့နယ်အများအပြားတွင် လူပေါင်း ၁ သိန်း ၂ ထောင် ခန့်ကို ကြိုတင် ရွေ့ပြောင်းပေးထားပြီးဖြစ်ကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စောင့်ကြည့်ကူညီပေးရန် ပြောကြားခဲ့သည်။
သို့သော် တဖက်တွင် မြန်မာစစ်အစိုးရသည် ULA အာဏာပိုင်များ၏ မုန်တိုင်းကြိုတင် သတိပေးချက်များကို ဟန့်တားရန် ကြိုးစားခဲ့သည်များရှိသည်။ ဥပမာအားဖြင့် မေလ (၉) ရက်နေ့၌ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျွေးရွာ၌ HDCO မှ ကပ်ထားသော မုန်တိုင်းသတိပေး ကြေညာချက်တစ်ခုကို မြန်မာစစ်တပ် စစ်သား ၁၀ ခန့်လာပြီး ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။နောက်ထပ် စစ်ကောင်စီ၏ မုန်တိုင်းသတင်း ကြိုတင်သတိပေးချက်များသည်လည်း လုပ်ထုံးလုပ်နည်းသဘော (procedural) သာဆန်လှပြီး၊ ရလဒ်အားဖြင့် အကျိုးဖြစ်ထွန်းမှု (substantive outcomes) အားနည်းသည့် ပုံစံမျိုးဖြစ်သည်။ အစိုးရပိုင် သတင်းဌာနများနှင့် မိုးလေဝသသတင်း ဖေ့(စ်)ဘွတ်စာမျက်နှာတွင် နောက်ဆုံးသတင်များ ထုတ်လွှင့်သော်လည်း အဆိုပါလုပ်ဆောင်ချက် များသည် ကျေးလက်ဒေသနေပြည်သူများအတွက် အကျိုးသက်ရောက်မှုနည်းပြီး၊ စကားအသုံးအနှုန်းများသည်လည်း လွယ်လင့်တကူနားလည်ရန် ခက်ခဲလှသည်။
စစ်ကောင်စီအာဏာပိုင်များ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ဆောင်ချက်၏ အဓိက အားနည်းချက်တစ်ခုကို ရက္ခိုပြည်မြို့တော်၊ စစ်တွေမြို့ အနီးနားရှိ ရိုဟင်ဂျာများထဲတွင် လူပေါင်းများစွာသေဆုံးမှုတွင် တွေ့နိုင်ပေသည်။ အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ စစ်ကောင်စီအာဏာပိုင်များမှ ၎င်းတို့သည် လူပေါင်း ၆၃,၀၀၀ ခန့်ကို လိုအပ်သည့် ကြိုတင်ရွေ့ပြောင်းမူ မှုများ လုပ်ခဲ့သည်ဟု ဆိုကြပြီး၊ သေဆုံးသွားသူများသည် အဆိုပါ လုပ်ဆောင်ချက်ကို လိုက်ပါဆောင်ရွက်ရန် ပျက်ကွက်ခဲ့သူများဖြစ်သည်ဟု ဆိုသည်။ သိုသော် ရိုဟင်ဂျာအသိုင်းအဝိုင်းခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများမှ စစ်ကောင်စီအနေဖြင့် လုံလောက်သော ကြိုတင်ပြင်ဆင်မူ မှုများလုပ်ဆောင်ရန် ပျက်ကွက်ခဲ့ပြီး၊ လူများစွာကို သေစေခဲ့သည်ဟု ဆိုသည်။ ယနေ့အချိန်ထိ အဆိုပါ ကိစ္စနှင့် ပတ်သတ်လျှင် စစ်ကောင်စီနှင့် ရိုဟင်ဂျာအသိုင်းအဝိုင်းကြားတွင် မတူသော၊ ဆန့်ကျင်ဖက်အမြင်များဖြင့် အချက်အလက်များကို ပြောနေကြဆဲဖြစ်သည်။
စစ်ကောင်စီနှင့် ULA အာဏာပိုင်များအပြင် UNOCHA သည်လည်း မေလ ၁၁ နှင့် ၁၂ ရက်နေ့များတွင် ၎င်း၏ ဖေ့(စ်)ဘွတ်စာမျက်နှာပေါ်မှ ဗွီဒီယိုများနှင့် အသိပညာမျှဝေရေးပေါ်စတာများကို ထုတ်ပြန်ခဲ့သည်။ သိုသော် ကြိုဆိုစရာကောင်းသော်လည်း သက်ရောက်မှု အားနည်းခဲ့ပါသည်။ မေလ ၁၂ ရက်နေ့တွင် UNOCHA မှ ထပ်မံ၍ ၎င်းတို့သည် ကျရောက်လာမည့် ဆိုင်ကလုန်းအတွက် ကြိုတင်ပြင်ဆင်နေကြောင်း နှင့် ပို၍ အရေးကြီးသည်မှာ ‘သင့်တော်သော အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း’ ပါရှိသည်။ ထို့နောက် ဆိုင်ကလုန်းမတိုင်ခင် တစ်ရက်နေ့တွင် အဆိုပါ ဖေ့(စ်)ဘွတ်စာမျက်နှာမှသည်ပင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (World Food Programme- WFP) အနေဖြင့် နောက် လာမည့် လပိုင်းများတွင် ရက္ခိုင်ပြည်နှင့် တခြားဒေသများ၌ လူပေါင်း (၄) သိန်း ခန့်အတွက် ‘လုံလောက်သော အစားအသောက်များ’ ကို ခွဲဝေပေးထားပြီးဖြစ်ကြောင်း ဆိုသည်။
ရက္ခိုင်ကန်းရိုးတန်းဒေသသို့ ဆိုင်ကလုန်း တိုက်ခတ်သော နေ့တွင်ပင် ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) မစ္စတာ ရာမနသန် ဘာလခရစ်ရှ်ချန်နန် (Rama Balakrishnan) တို့က ၎င်းတို့အနေဖြင့် လုပ်နိုင်သမျှ အားလုံးကို လုပ်ဆောင်ထားပြီးဖြစ်ကြောင်း၊ သို့သော် ထိခိုက်သက်ရောက်ခဲ့သော လူထုကို သွားလာထောက်ပံ့ပိုင်ခွင့်နှင့် ပိုပြီး ငွေကြေးထောက်ပံ့ မှုများမှာ လွန်စွာအရေးကြီးကြောင်းဆိုသည်။ သို့သော် တဖက်တွင် မတူသော အခြေအနေတခုကို စစ်တွေမြို့မှ ထင်ရှားသော ပရဟိတသမားတယောက်မှ ဆိုသည်။ သူက ၎င်းတို့အနေဖြင့် မုန်တိုင်းမကျရောက်မီလောက်ကပင် အစားအစာများကြိုတင်ပြင်ဆင်နိုင်ရန် WFP သို့ သွားရောက် တိုင်ပင်ခဲ့ကြောင်း၊ သို့သော် WFP မှ ၎င်းတို့ကို စစ်ကောင်စီအာဏာပိုင်များမှသာ တဆင့် ဆက်သွယ်ရန် ပြောကြားခဲ့သည်ဟု ဆိုသည်။ ထို့နောက် စစ်ကောင်စီအာဏာပိုင်များကို ထပ်မံမေးမြန်းရာ ၎င်းတို့က မုန်တိုင်းကြောင့် ထိခိုက်သက်ရောက်သူများကို ကူညီရေးသည် WFP ၏ ဖြစ်မြောက်လုပ်ကိုင်နိုင်စွမ်းပေါ်တွင်သာ မူတည်ကြောင်း ဖြေကြားခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် အဆိုပါ ပရဟိတသမားမှ မုန်းတိုင်းဘေးအန္တရာယ် ပြင်းထန်ဆိုးရွားစွာ သက်ရောက်ခဲ့သူများမှာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီများကို အပြင်းအထန် လိုအပ်နေသော်လည်း လက်ရှိ အချိန် (မုန်တိုင်း တိုက်ပြီးချိန်) ထိ စစ်ကောင်စီအာဏာပိုင် နှင့် WFP တို့ကြားတွင် ‘ဘော်လီဘောပုတ်တမ်း’ ကစားနေကြသည်ဟု ဆိုသည်။
ယခုအချိန်ထိ အခြေအနေများမှာ လွန်စွာ ခက်ခဲကြမ်းတမ်းလျက်ရှိသည်။ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ (INGOs) မှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးသော နောက်ဆုံးသတင်းတချို့ကို မြင်တွေ့ရသော်လည်း နယ်မြေ နှင့် လူဦးရေအရေအတွက်မှာ လွန်စွာအကန့်အသတ်နှင့် ရှိနေသေးပြီး၊ လက်ခံရရှိသူများမှာ မြို့ပြနှင့် မြို့အနီးဝန်ကျင်ဒေသများတွင်သာရှိပြီး၊ အဆိုပါ အရေအတွက်မှာ အမှန်တကယ်ထိခိုက် ခံစားရပြီး လိုအပ်နေသူများ၏ ၁၀ ရာခိုင်နုန်းအောက်တွင် ရှိသည်။