ဖိအားပေါင်းစုံရင်ဆိုင်နေရသည့် ဘိန်းစိုက်တောင်သူများ မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှုကျဆင်းလာစေခဲ့သည့် အကြောင်းရင်းများနှင့် နောက်ဆက်တွဲအကျိုးဆက်များ

Fecha de publicación:
ယခုသုံးသပ်ချက်သည် ယခင် TNI မှ သုတေသနပြု လေ့လာဆန်းစစ်ချက်များ နှင့် သုံးသပ်ချက်များ အပေါ် တွင် အခြေခံ၍ မြန်မာနိုင်ငံနှင့် ပတ်ဝန်းကျင်ဒေသများတွင် ဘိန်းစိုက်ပျိုးမှု နှင့် ထုတ်လုပ်မှု ကျဆင်းရခြင်း၏ အကြောင်းရင်းများနှင့် အကျိုးဆက်များကို ခွဲခြမ်းစိတ်ဖြာ ပြထားပါသည်။ 
Cover image

Sobre ဖိအားပေါင်းစုံရင်ဆိုင်နေရသည့် ဘိန်းစိုက်တောင်သူများ

Tipo de publicación
Report
Farmers collecting poppy seeds for next planting season in Loilem Township, southern Shan State.

TNI.

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်အတွင်း လာမည့်စိုက်ပျိုးရာသီအတွက် ဘိန်းစေ့ထုတ်ယူနေကြသည့် ဘိန်းစိုက်တောင်သူများ

အဖွင့်မိတ်ဆက် 

ကုန်လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါးစျေးကွက်သည် ဘိန်းအခြေခံမူးယစ် ဆေးဝါးများမှသည် အမ်ဖီတမင်းအမျိုးအစား စိတ်ကြွဆေးပြား (ATS) များ အကြီးအကျယ် တွင်ကျယ်ပျံ့နှံ့ လာခဲ့သည့် အခင်းအကျင်း ဆီသို့ သိသိသာသာ ပြောင်း လဲသွားခဲ့သည်။ ၁၉၇၀ ခုနှစ် နှင့် ၁၉၈၀ ခုနှစ် နှောင်းပိုင်း ကာလများ၌ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ အပါအဝင် ၎င်းတို့သုံးနိုင်ငံ တွေ့ဆုံသည့် “ရွှေတြိဂံဒေသ”ဟု သိလာကြသည့် နယ်စပ်ဒေသများ၌ ဘိန်းစိုက်ခင်းများ မှိုလိုပေါက်လာခဲ့သည်။ ၁၉၈၀ နှောင်းပိုင်းကာလ အရောက်တွင် (ယခင်က နိုင်ငံတကာ၌ ဘားမားဟုသိကြသည့်)မြန်မာနိုင်ငံသည် ကမ္ဘာ့ဘိန်း စိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်လာခဲ့သည်။ သို့သော်လည်း ၁၉၉၀ ခုနှစ် နှစ်ကုန်ပိုင်း မှစ၍ မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသတစ်လွှား စိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် ဆက်ရှိနေသေးသော်လည်း နိုင်ငံအတွင်း ဘိန်း စိုက်ပျိုးထုတ်လုပ်မှု သိသိသာ သာကျဆင်းသွားခဲ့သည်။ ထိုင်းနိုင်ငံ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အနိမ့်ဆုံးအဆင့်သို့ ရောက် ရှိသွားသည့် အချိန် လာအိုနိုင်ငံ၌လည်း သိသိသာသာကျဆင်းလာခဲ့သည်။ ၂၀၀၇ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှု တစ်ဖန်ပြန်လည်ဦးမော့ လာခဲ့သော်လည်း မည်သည့်အခါကမှ ယခင် စိုက်ပျိုးခဲ့ကြသည့် အတိုင်းအတာသို့ ပြန်လည်မရောက်ရှိကြ တော့ ပေ။ မြန်မာနှင့် နယ်နိမိတ်ချင်းထိစပ်လျက် ရှိသည့် ဒေသများအပါအဝင် အိန္ဒိယနိုင်ငံ၌ လည်း တရားမဝင်ဘိန်းစိုက်ပျိုးမှု အတန်အသင့်ရှိနေခဲ့ကြသော်လည်း တရားဝင်ကိုးကားနိုင်သည့် ကိန်းဂဏန်းအချက်အလက်များ ပေါ်ထွက်လာခြင်းမရှိခဲ့ပေ။၁

တစ်ချိန်တည်းမှာပင် အာရှတိုက်တစ်လွှား စိတ်ကြွဆေး(ATS)သုံးစွဲမှုများ အလျင်အမြန် ပျံ့နှံ့ ရောက်ရှိလာ တော့သည်။ ယခုတစ်ကြိမ်တွင်လည်း မြန်မာနိုင်ငံသည် စိတ်ကြွဆေး (ATS) ကို အများဆုံးထုတ်လုပ်ဖြန့်ဖြူး လျက်ရှိသည့် နိုင်ငံတစ်ခုဖြစ်လာခဲ့ပြန်သည်။ နိုင်ငံအဝှမ်း နေရာတကာ၌ စျေးပေါပေါဖြင့် အလွယ်တကူဝယ် ယူရရှိနိုင်သည့် ရေပန်းအစားဆုံး ဆေးပြားများသည် မက်အမ်ဖီတမင်းအမျိုးအစား စိတ်ကြွဆေးဖြစ်လာခဲ့သည်။ ထို့အပြင် အများက “ရေခဲသား”ဟု သိထားကြပြီး သလင်းကျောက်ကဲ့သို့ကြည်လင်နေသည့် မက်အမ်ဖီတမင်း ထုတ်လုပ်အသုံးပြုမှုပါ တွင်ကျယ်လာခဲ့သော်လည်း ထုတ်လုပ်မှုအများစုကို ဒေသတွင်းရှိ အခြားနိုင်ငံများသို့ အဓိကဦးတည်၍ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။ ATS ထုတ်လုပ်ရာ၌ လိုအပ်သည့် ဓာတုအခြေခံ ကုန်ကြမ်း အများစုကို မြန်မာနိုင်ငံအတွင်း ထုတ်လုပ် ခြင်းမရှိဘဲ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းနေကြခြင်းဖြစ်သည်။

ယခုအစီရင်ခံစာသည် မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းသွားစေသည့် ဇစ်မြစ် အကြောင်း တရားများနှင့် နောက်ဆက်တွဲရိုက်ခတ်မှုများကိုသာ အဓိကထား၍ လေ့လာဆန်းစစ်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး အရှေ့မြောက်အိန္ဒိယဒေသကို အနည်းအကျဉ်းမျှသာ ကိုးကားဖော်ပြထားသည်။ ဘိန်းစိုက်တောင်သူအသိုက်အဝန်း များ၏ လူမှုစီးပွားရေး အခြေအနေများအပြင် မတူကွဲပြားသည့် မူဝါဒရေးရာ အရေးယူ ဆောင်ရွက်ချက်များနှင့် ၎င်းတို့၏ စိုက်ပျိုးမှုအတိုင်းအတာနှင့် တောင်သူအသိုက်အဝန်းများအပေါ် အကျိုး သက်ရောက်မှုများကိုပါ ဆန်းစစ် သုံးသပ်ခဲ့ခြင်းဖြစ်သည်။ ဤသုံးသပ်ချက်က ဘိန်းစိုက်ပျိုး သည့် အထူးသဖြင့် အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့ ကြရသည့် အရေးကိစ္စများနှင့် ၎င်းတို့၏ လိုအပ်ချက်များကိုပါ မီးမောင်းထိုးပြလျက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုနှင့် နိုင်ငံတကာ မူးယစ်ဆေးဝါးစျေးကွက်အကြား ချိတ်ဆက်မှုနှင့် မြန်မာနိုင်ငံ အတွင်း ATS ထုတ်လုပ်သုံးစွဲမှု မြင့်တက်လာစေသည့် အကြောင်းရင်းတို့ကိုပါ သုံးသပ် တင်ပြထား ပါသည်။ နောက်ဆုံးအနေဖြင့် သုံးသပ်ချက်အတွင်း မူဝါဒရေးရာ ထောက်ခံ အကြံပြုချက်အချို့ကို သုံးသပ်တင်ပြ ထားပါသည်။

မြန်မာနိုင်ငံသည် မကြာသေးမီကပင် တည်ငြိမ်အေးချမ်းမှုပျက်ပြား၍ အလွန်ပင်မရေမရာ ရှိလှသည့် အနေအထား တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ ကိုဗစ်−၁၉ နှင့် နယ်စပ် တိုင်းရင်းသားဒေသများ၌ ဆက်လက်ဖြစ်ပွား လျက်ရှိသည့် လက်နက်ကိုင် ပဋိပက္ခများ ကြောင့် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများ အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၌ တပ်မတော် (အစိုးရစစ်တပ်)မှ အာဏာသိမ်းရန် ကြိုးပမ်းလာခဲ့ပြီး နောက်ပိုင်း နိုင်ငံတစ်ခုလုံးကို ပို၍ ဆိုးရွား ပြင်းထန်သည့် အရေးအခင်းများနှင့် အကြမ်းဖက်မှုများ ဝါးမြိုသွား တော့သည်။ အစီရင်ခံစာအတွင်း ဤအရွေ့များက ဘိန်းစိုက်တောင်သူများနှင့် ဘိန်းအရောင်းအဝယ် အပေါ် မည်ကဲ့သို့ရိုက်ခတ်မှုရှိလာ ကြောင်းကို ဆန်းစစ်လေ့လာထားခြင်းဖြစ်သည်။

ယခုသုံးသပ်ချက်သည် ၂၀၂၀ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၁ ခုနှစ်၏ ပထမနှစ်ဝက်ကာလများ အတွင်း မြန်မာနိုင်ငံ၏ အဓိကဘိန်းစိုက်ဒေသများ၌ TNI နှင့် အဖွဲ့အစည်းပေါင်း များစွာ အပြင် သုတေသီများ(တောင်သူများအပါ အဝင်) ၏ ကွင်းဆင်းသုတေသနပြု လေ့လာ ဆန်းစစ်ချက်များပေါ် အခြေခံထားခြင်းဖြစ်သည်။ ကွင်းဆင်းသုတေသနပြုမှု ကို ကချင် ပြည်နယ်၏ ဆဒုံး၊ တနိုင်းနှင့် ပူတာအိုမြို့နယ်များ၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ ကွတ်ခိုင် မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသရှိ ဖယ်ခုံ၊ ဆီဆိုင်၊ ဟိုပုံးနှင့် လွိုင်လင်မြို့နယ်များနှင့် ရှမ်းပြည် နယ်အရှေ့ပိုင်းဒေသရှိ တာချီလိတ်၊ မိုင်းပန်နှင့် မိုင်းဆတ်မြို့နယ်များ၌ အကောင် အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ တစ်ချိန်တည်းလိုလို၌ အရှေ့မြောက်အိန္ဒိယဒေသရှိ မဏိပူရ်း နှင့် အရူနာချာပရာဒက်ရှ် ဒေသများကိုပါ အနည်းငယ်နှိုင်းယှဉ်မှုပြုနိုင်ရန် သုတေသန အနည်းအကျဉ်းပြုလုပ်ခဲ့သည်။၂

ဤအစီရင်ခံစာကို ရှေ့ပိုင်းကာလများ၌ TNI က ပုံနှိပ်ထုတ်ဝေခဲ့သည့် စာတမ်းများ အထူး သဖြင့် ရွှေတြိဂံ ဒေသတွင်း ရင်းကန်သည့် လက္ခဏာရပ်များ - ကသောင်းကနင်း ဖြစ်လာ သည့် မူးယစ်ဆေးဝါးစျေးကွက် တစ်ခု (၂၀၀၉)နှင့် တစ်ကျော့ပြန် - ရွှေတြိဂံဒေသတွင်း ဘိန်းစိုက်ပျိုးမှုပြန်လည်မြင့်တက်လာခြင်း(၂၀၁၄) ဟူသည့် စာတမ်းများအပေါ် အခြေခံ တည်ဆောက်ထားပါသည်။ အာရှတိုက်တစ်ခုလုံးကို လွှမ်းခြုံမှုရှိသည့် ဤ လေ့လာ ဆန်းစစ်ချက်နှစ်ခုသည် မြန်မာနိုင်ငံနှင့် အခြားဒေသတွင်းနိုင်ငံများရှိ မူးယစ်ဆေးဝါး စျေးကွက် ထွန်းကားလာမှုများ၊ မူဝါဒရေးရာ အရေးယူဆောင်ရွက်ချက်များနှင့် ရိုက်ခတ်ခံရမည့် လူထု လူတန်းစားများ အပေါ် အကျိုးသက်ရောက် မှုတို့ကို သုံးသပ်တင်ပြထား ခြင်းဖြစ်သည်။ အဆိုပါအစီရင်ခံစာများသည် မူးယစ်ဆေးဝါး တစ်မျိုးတည်း သို့မဟုတ် နိုင်ငံ တစ်ခုတည်း ထက်ကျော်လွန်၍ ဒေသကြီးတစ်ခုလုံးကို လွှမ်းခြုံကြည့်ရှုကာ ဒေသတွင်း ပျံ့နှံ့လျက်ရှိသည့် မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ထုတ်လုပ်မှုနှင့် ကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များကို လေ့လာဆန်းစစ်ချက်တစ်ခုတည်းအောက်၌ ချိတ်ဆက်ပုံ ဖော်မှုမျိုးမရှိသေးသဖြင့် ယင်း ကွက်လပ် ကို ဖြည့်ဆည်းရန်ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

Ideas en movimiento

Impulsa nuestra labor

Si deseas apoyar nuestro trabajo, considera realizar una donación. Nos comprometemos a que nuestra valiosa investigación esté accesible sin costo, pero para eso necesitamos de tu ayuda. Si todas las personas que leen nuestro contenido realizan una donación de tan solo €12 podremos apoyar nuestro trabajo durante tres años.

Done Ahora