မြန်မာနိုင်ငံ ဖက်ဒရယ် မြေစီမံအုပ်ချုပ်မှုစနစ် ဆီသို့ မျှော်မှန်းချက် ခြေလှမ်းများ TNI သုံးသပ်ချက်စာစု

ကယားပြည်လူ့အခွင့်အရေးနှင့်သဘာဝဝန်းကျင်ဆိုင်ရာအခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုကွန်ရက်မှညှိုနှိုင်းရေးမှူး စောအယ်စေး သည်   မြန်မာနိုင်ငံတွင် မြေဆိုင်ရာ အခွင့်အရေးများအား မြှင့်တင်ရန် ကြိုးပမ်းအားထုတ်လုပ်ဆောင်မှုများအတွက် ၂၀၂၀ ခုနှစ် မြန်မာနိုင်ငံ Human Rights Tulip ဆု အား ရရှိခဲ့ကြောင်း နယ်သာလန်နိုင်ငံသံရုံးမှ ယမန်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ တွင် ကြေညာခဲ့သည်။  လူ့အခွင့်အရေး ကျူးလစ်ပန်းဆု(Human Rights Tulip) သည် ထူးချွန်ကာ ရဲစွမ်း သတ္တိရှိသောလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအတွက် ဒတ်ခ်ျအစိုးရ မှနှစ်စဉ် ချီးမြှင့်သော ဆု တစ်ခု ဖြစ်သည်။

Autores

Article de

Transnational Institute
Saw Eh Say - coordinator of KEAN and recipient of 2020 Tulip Human Rights Award of NL Embassy in Yangon

မြန်မာနိုင်ငံ၏နိုင်ငံရေးအသွင်ကူးပြောင်းကာလ၌မြေယာပြုပြင်ပြောင်းလဲရေးသည်အရေးကြီးသော ကဏ္ဍတစ်ရပ် အဖြစ် တည်ရှိနေပြီး အပြောင်းအလဲတိုင်းတွင် ကျယ်ပြန့်သည့်သက်ရောက်မှုများနှင့် ရေရှည်နောက်ဆက်တွဲ အကျိုးဆက်များရှိမည် ဖြစ်သည်။ မြေအရေးကိစ္စများသည် နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေး အခြေအနေများဖြင့် တိုက်ရိုက် ချိတ်ဆက်လျက်ရှိပြီး နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ ငြိမ်းချမ်းရေးဖော်ဆောင်ရန်ကြိုးပမ်းမှု၊ နိုင်ငံဖွံ့ဖြိုးရေးနှင့် သာယာဝပြောရေး၊ သဘာဝ ပတ်ဝန်းကျင်ရေရှည်တည်တံ့ရေး နှင့် ရာသီဥတုပြောင်းလဲမှုအား ထိန်းညှိရေး စသည့် ယနေ့ မျက်မှောက်ကာလ အရေးကြီးကိစ္စရပ်များအပေါ် ကြီးမားစွာသက်ရောက်မှုရှိနေသည်။ 

Photo: စောအယ်စေး - KEAN အဖွဲ့၏ ညှိုနှိုင်းရေးမှူး၊ ရန်ကုန်မြို့ရှိ နယ်သာလန်နိုင်ငံ သံရုံး မှ ပေးအပ်သော
၂၀၂၀ ခုနှစ် Tulip Human Rights ဆု ရရှိသူ

နိုင်ငံတွင်းမတူညီသော ပထဝီနယ်မြေဒေသနှင့်ဂေဟစနစ်ဆိုင်ရာ အခင်းအကျင်းများတွင်   တိုင်းရင်းသား လူမျိုးပေါင်းစုံရှင်သန်နေထိုင်ကြလျက်ရှိသည်။ ဌာနေတိုင်းရင်းသားလူမျိုးများနှင့် မြန်မာနိုင်ငံ ကျေးလက်ဒေသများရှိ ပြည်သူများသည် ၎င်းတို့၏ မတူညီသော ယဉ်ကျေးမှုများ၊ ယုံကြည်မှုများ၊ ကိုယ်ပိုင်လက္ခဏာများဖြင့် ဓလေ့ထုံးတမ်းမြေနှင့် အရင်းအမြစ်များအား  ယနေ့ထိ တိုင် စီမံခန့်ခွဲအုပ်ချုပ် ထိန်းသိမ်းအသုံးပြုလျက်ရှိသည်။ လက်ရှိ အသွင်ကူးပြောင်း ရေးကာလ၌ မြေအရေးကိစ္စအား ကိုင်တွယ်ဖြေရှင်းရန်ကြိုးစားရာတွင် အထူးသဖြင့် “စီးပွားရေးဖွံ့ဖြိုးမှု”နှင့် အပြိုင် “အစားအစာအုပ်စိုးစီမံမှု” ခေါင်းစဉ်အောက် မှ မြေအား မည်သူက မည်သို့ အဓိပ္ပာယ် ဖွင့်ဆိုမည်နည်း၊ မည်သည့်ရှုထောင့်မှ ကြည့်ကာ မြေအားစီမံအုပ်ချုပ်မည်နည်း၊ မည်သူ့တွင် မည်သည့် အခွင့်အရေးများ ရှိသနည်း၊ မည်သူ့တွင် ဆုံးဖြတ်ချက်အာဏာရှိသနည်း ဆိုသည့် မေးခွန်းများကို အလေးအနက်ထားကာ အရေးတကြီးစဉ်းစား သုံးသပ်ရန် လိုအပ်လျက်ရှိသည်။

 

သမိုင်းကြောင်းအရ မြန်မာနိုင်ငံတွင် မြေသိမ်းမှုများမှာ ပုံစံမျိုးစုံ၊ နည်းလမ်းပေါင်းစုံဖြင့် ဖြစ်ပွားလျက် ရှိပြီး တပ်မတော် (စစ်တပ်)၊ လက်နက်ကိုင်အဖွဲ့များ၊ စီးပွားရေးလုပ်ငန်းစုကြီးများ နှင့် ကုမ္ပဏီများ (အများစုမှာ တပ်မတော်ဖြင့် ပတ်သက် ဆက်နွယ်မှုရှိသော)၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ (အများအားဖြင့် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့်အကျိုးတူ ချိတ်ဆက်မှုမှ တစ်ဆင့်)၊ အစိုးရဌာနများ စသော သြဇာအာဏာ ကြီးသည့်အစုအဖွဲ့များမှ ပါဝင်ပတ်သက်မှုများ လည်းရှိနေသည်။ အရပ်သားတစ်ပိုင်းအစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှစတင်၍ နိုင်ငံတွင်းစီးပွားရေး ဖွံ့ဖြိုးမှုကိုသာ ဦးတည်လုပ်ဆောင်ခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအား လမ်းဖွင့် ပေးခဲ့သည်။ တစ်ချိန်တည်းတွင် မြေဆိုင်ရာတည်ဆဲဥပဒေများအား ပြင်ဆင်ခြင်း၊ မြေနှင့်ဆိုင်သော ဥပဒေသစ်များအား ရေးဆွဲအတည်ပြုခြင်းများလုပ်ဆောင်ခဲ့သည်။ သို့သော် စီးပွားရေးအသားပေး ဥပဒေများဖြစ်နေခြင်း၊ ကျယ်ပြန့်သည့်လူထုပါဝင်မှုလုပ်ငန်းစဉ်များမပါရှိခြင်း တို့ကြောင့် မြေယာ ပဋိပက္ခများသည် ကွဲပြားသောအသွင်ပုံစံများဖြင့် ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ အခြေခံအား ဖြင့် မြေယာပဋိပက္ခများမှာ ပိုမိုရှုပ်ထွေးလာသည်ကိုလည်း တွေ့မြင်ရသည်။  

 

ထို့ပြင် ကချင်၊ ရှမ်း၊ ကရင်၊ မွန်၊ ကရင်နီ နှင့် ရခိုင်ပြည်နယ် အစရှိသော တိုင်းရင်းသားဒေသများ တွင် ဘဝများစွာ ကြေမွပျက်စီး စေခဲ့သော မြန်မာနိုင်ငံ၏ဆယ်စုနှစ်များစွာ ကြာမြင့်လျက်ရှိသည့် ပြည်တွင်းစစ်မီးများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်သူများ (IDPs) နှင့် စစ်ဘေး ဒုက္ခသည်များ ယနေ့တိုင်အများအပြားဆက်လက်တည်ရှိနေဆဲဖြစ်သည်။ ယခုကာလသည် ငြိမ်းချမ်းရေး နှင့် ပြုပြင်ပြောင်းလဲမှုများ အတွက် အလားအလာရှိသော်လည်း ၂၀၁၁ ခုနှစ်မှ စတင်၍ အထူးသဖြင့် ကချင် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ၂၀၁၆ ခုနှစ်မှ စတင်၍ ရခိုင်ပြည်နယ်တို့တွင် နေရပ်စွန့်ခွာရသည့်အရပ်သားပြည်သူများမှာ သိသိသာသာမြှင့်တက်လာခဲ့သည်။ လက်ရှိတည်ဆဲ မြေဆိုင်ရာဥပဒေများတွင် တိုင်းရင်းသားလူမျိုးများ၏မြေအခွင့်အရေး၊ ဓလေ့ထုံးတမ်းမြေစီမံ အုပ်ချုပ်မှုအခွင့်အရေး၊ IDPs နှင့် စစ်ဘေးဒုက္ခသည်များ၏မြေအခွင့်အရေး၊   လုပ်ကွက်ငယ် တောင်သူများ နှင့် မြေအခြေပြု လုပ်သားများ၏အခွင့်အရေး နှင့် အမျိုးသမီးများ၏ မြေဆိုင်ရာ အခွင့်အရေးများအား အနှစ်သာရပြည့်ဝသော ပုံစံဖြင့် အသိအမှတ်ပြုထားခြင်းမရှိပေ။ အကျိုးဆက် အနေဖြင့် မြေဆိုင်ရာဥပဒေသစ်များမှာလားရာလမ်းကြောင်း နှင့် ရည်ရွယ်ချက်တို့တွင် ရှေ့နောက် မညီရှုပ်ထွေးလျက်ရှိသည်။ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲသည့်ဥပဒေ အပါအဝင် မြေနှင့် ဆက်စပ်သည့်ဥပဒေများမှာ အလွန်ခက်ခဲ ရှုပ်ထွေးနေ သည်။ဤသည်မှာ ယနေ့မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးအတွက် အဓိကကျသော အားနည်းချက် တစ်ရပ်အဖြစ် အမှန်ပင် ဖြစ်တည်လျက်ရှိနေသည်။

 

"Land is not commodity" VFVL law campaign poster in Kayah State

၂၀၁၆ ခုနှစ်တွင် အတည်ပြုခဲ့သည့် အမျိုးသားမြေအသုံးချမှုမူဝါဒမှာ အလုံးစုံကောင်းမွန်မှု မရှိသော် လည်း  နောက်ဆုံးမူဝါဒ မူကြမ်းအထိ တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ်များတွင် တွန်းအားပေးပါဝင်ခဲ့သော အရပ်ဖက်လူမှုအဖွဲ့များ၏ အကြံပြုချက် နှင့် တောင်းဆိုချက်အချို့ပါဝင်ခဲ့သည်။ ထိုအရပ်ဖက်လူမှု အဖွဲ့များထဲတွင်မြေဆိုင်ရာအခွင့်အရေးများအတွက်တွန်းအားပေးလှုပ်ရှားနေသောနိုင်ငံအနှံ့အပြား ပြည်နယ်နှင့်တိုင်းအသီးသီးမှ တောင်သူငယ်များ၊ ဒေသခံတောင်သူလယ်သမား အဖွဲ့အစည်းများ နှင့် ၎င်းတို့နှင့် လက်တွဲ ဆောင်ရွက်နေကြသော ရပ်ရွာအခြေပြု အဖွဲ့အစည်းများ နှင့် မိတ်ဖက် အရပ်ဖက်အဖွဲ့အစည်းများအပါအဝင် အဖွဲ့ပေါင်း ၆၀ ကျော်ဖြင့် ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ဒို့မြေကွန်ရက်လည်းပါဝင်ခဲ့သည်။ ဒို့မြေကွန်ရက်သည် လုပ်ကွက်ငယ်တောင်သူများ၊ ရေလုပ်သား များ၊ သစ်တောတွင်းမှီခိုနေထိုင်သူများ၊ ကျေးလက်နေ အမျိုးသမီးများ၊ ကျေးလက်လူငယ်များ၊ နှင့် တိုင်းရင်းသားလူမှုအသိုင်းအဝိုင်းများ၏ မြေယာလုပ်ကိုင် ပိုင်ဆိုင်ခွင့် အခွင့်အရေးများအား ကာကွယ်၊ မြှင့်တင်၊ လေးစားပြီး ဖြည့်ဆည်းပေးရန် တောင်းဆိုလျက်ရှိသည်။ တိုင်းရင်းသား အခြေပြုအရပ်ဖက်လူမှုအဖွဲ့အစည်း အများအပြားမှလည်း တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ်တွင်ပါဝင်ခဲ့ သည်။ ၂၀၁၂ ခုနှစ် မြေယာဥပဒေများနှင့်မတူဘဲ နောက်ဆုံးထွက်ရှိခဲ့သော အမျိုးသားမြေ အသုံးချမှုမူဝါဒတွင် ဓလေ့ထုံးတမ်းမြေလုပ်ပိုင်ခွင့်၊ IDPs နှင့် စစ်ဘေးဒုက္ခသည်များ ၏ မြေဆိုင်ရာ အခွင့်အရေး နှင့် အမျိုးသမီးများအတွက် မြေယာအခွင့်အရေးများအား ယေဘုယျအားဖြင့် အသိအမှတ်ပြုပါဝင်ခဲ့သည်။

 

အစပိုင်းတွင် NLD အစိုးရမှ အမျိုးသားမြေအသုံးချမှုမူဝါဒအား လျစ်လျူရှုခဲ့ပြီး မြေလွတ်မြေလပ် မြေရိုင်းစီမံခန့်ခွဲမှုဥပဒေ ကဲ့သို့သော မြေနှင့်သက်ဆိုင်သည့်ဥပဒေတစ်ခုချင်းအား ပြင်ဆင်ရေး ဆွဲခြင်းကို အပြိုင်ဖြစ်စဉ်တစ်ခုအား လွှတ်တော်တွင်း စတင်ခဲ့သည်။ ၂၀၁၈ ခုနှစ် အစောပိုင်းမှ သာ အမျိုးသားမြေအသုံးချမှုဖြစ်စဉ်အား စတင်လှုပ်ရှားခဲ့မှုအဖြစ် အမျိုးသား မြေအသုံးချမှုကောင်စီ အား ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာကော်မတီအဆင့်ဆင့်၊ နည်းပညာအကြံပေးအဖွဲ့ နှင့် မတူညီသော လုပ်ငန်းအဖွဲ့များကို ဆက်လက်၍ ဖွဲ့စည်းခဲ့သည်။ အမျိုးသား မြေဥပဒေ မူကြမ်းရေးဆွဲပြုစုရေး လုပ်ငန်းစီမံချက်အား ၂၀၂၀ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်ခဲ့ပြီး အကြံပြုချက်များအား ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ကြောင်း ပြည်သူများအား အသိပေး ကြေညာခဲ့သည်။ အမျိုးသားမြေဥပဒေကို ထီးရိပ်ဥပဒေတစ်ရပ်ဖြစ်ရန် ရည်ရွယ်သည်ဟု ဆိုသော်လည်း မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေ၊ လယ်ယာမြေဥပဒေ၊ သစ်တောဥပဒေ အစရှိသည့် တည်ဆဲမြေဆိုင်ရာဥပဒေများ နှင့် သဟဇာတဖြစ်ရန်ဟူသည့် လုပ်ငန်းစဉ်ကို ချမှတ် ထားခြင်းကြောင့် ၎င်း၏မူရင်းရည်ရွယ်ချက်နှင့် ဆန့်ကျင်နေသည်ကိုလည်း တွေ့ရသည်။

 

မြေဥပဒေသစ်ရေးဆွဲမှုဖြစ်စဉ်အတွင်း အရပ်ဖက်လူမှုအဖွဲ့များနှင့် ဒေသခံအသိုင်းအဝိုင်းများ အဓိပ္ပာယ်ပြည့်ဝစွာ ပူးပေါင်းပါဝင်နိုင်မည့်အခြေအနေ ရှိ/မရှိဟူသည့်အပေါ် ဝေဖန်မှုများစွာ ရှိနေပြီး၊ လုပ်ငန်းကော်မတီများတွင် ပါဝင်နေသူများ၏ ကိုယ်စားပြုနိုင်မှုအခြေအနေ၊ လုပ်ငန်းစဉ် တစ်ခုလုံး၏ ဆုံးဖြတ်ချက်ချမည့် ပုံစံနှင့်စံနှုန်းများအပေါ် ဝေဖန်မှုများစွာရှိနေသည်။ မျှတမှု မရှိသော်လည်း ရလဒ်ကောင်းအချို့ရရှိနိုင်ရေးအတွက် ဖြစ်စဉ်အတွင်း ပါဝင်နေကြသည့် အဖွဲ့များရှိ သကဲ့သို့ ပို၍အနှစ်သာရ ရှိသောပြောင်းလဲမှုများအတွက် ဖြစ်စဉ်ပြင်ပမှ တုံ့ပြန်ဆောင်ရွက်လျက် ရှိကြသည့် အဖွဲ့များလည်းရှိသည်။

 

ထို့ပြင် နိုင်ငံအနှံ့အပြားရှိလူမှုအသိုင်းအဝိုင်းများအတွက် ကြီးမားသည့် နောက်ဆက်တွဲဆိုးကျိုး သက်ရောက်မှုများရှိသည့် လက်ရှိ စိုက်ပျိုးရေးမူဝါဒ၊ စီးပွားရေးမူဝါဒ နှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေများ အား အောက်ခြေတွင် အကောင်အထည်ဖော်လျက်ရှိစဉ် အမျိုးသားမြေဥပဒေ ရေးဆွဲခြင်းဖြစ်စဉ် မှာ အချိန်ကာလ ကြာမြင့်မည်ဖြစ်သည်။ တရုတ်ပိုးလမ်းမသစ်စီမံကိန်း (BRI) ကဲ့သို့သော ဖွံ့ဖြိုးရေး နှင့် အကြီးစားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ မှာ အမျိုးသားမြေဥပဒေနောက်ဆုံးအတည်ပြုသည်အထိ စောင့်ဆိုင်းနေမည်မဟုတ်ပေ။ ထိုအစား ပဋိပက္ခသက်ရောက်မှုရှိသော ဒေသများ၊ ဓလေ့ထုံးတမ်း မြေလုပ်ပိုင်ခွင့်အောက်မှ တိုင်းရင်းသားဘိုးဘွားပိုင်မြေများ၊ နှင့် IDPs နှင့် စစ်ဘေး ဒုက္ခသည်များ ၏မြေများပေါ်တွင် အပါအဝင် ၎င်းတို့၏ အကြီးစား စီမံကိန်းများအား အရှိန်အဟုန် မြှင့်တင်ကာ ဖော်ဆောင်ရန် လက်ရှိ မတည်ငြိမ်သော နိုင်ငံရေးအခြေအနေနှင့် စီးပွားရေး အသားပေးဥပဒေများ အား အသုံးပြုလျက်ရှိသည်။ ထိုဒေသများရှိပြည်သူများအတွက် အနိမ့်ဆုံးမှန်းခြေ နှင့် ကာကွယ်မှုများအား မြှင့်တင်ပေးရန် နိုင်ငံတွင်းဥပဒေ တစ်ခုမျှမရှိပေ။ ၎င်းတို့အနေဖြင့် ရေရှည် တည်တံ့မှုမရှိသော ရင်းနှီးမြှုပ်နှံမှု၏ သက်ရောက်မှုများမှ အခြေခံအားဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်ရန် မြန်မာနိုင်ငံဥပဒေမူဘောင်များ၏ ပံ့ပိုးပေးထားခြင်းမှ ချန်လှပ်ခံရလျက် ရှိသည်။

 

မြေယာဥပဒေများတွင် မြေဆိုင်ရာအခွင့်အရေးများအား မည်သို့ထည့်သွင်း သေချာစေမည်နည်း ဆိုသည်နှင့်ပတ်သက်၍ အလေးအနက်ထားရမည့် မေးခွန်းများလည်းရှိနေပြီး၊ အခွင့်ထူးခံ လူတန်းစား နိုင်ငံရေးအုပ်စုများအကြား အားပြိုင်မှု နှင့် မတူညီ သောသြဇာအာဏာရှိသူများမှာ ၎င်းတို့၏ အကျိုးစီးပွားများ ရရှိရန်အလို့ဌာ မြေဥပဒေရေးဆွဲခြင်းဖြစ်စဉ်အား ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိနေသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံရှိ မြေယာအခွင့်အရေး နှင့် မြေအရေး ကိစ္စများအား  လုပ်ဆောင်နေသော အရပ်ဖက်လူမှုအဖွဲ့အစည်းများအကြား လက်ရှိအခြေအနေ နှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများမှာ မြှင့်တက်လျက်ရှိသည်။ ယခုသုံးသပ်ချက်စာစုတွင် မည်သည့် အတွက်ကြောင့် စိုးရိမ်မှုများမြှင့်တက်သည်ကို ရှင်းပြထားပြီး ထိုစိုးရိမ်ပူပန်မှုများအား ဖော်ပြ ထားသော  သဘောထားရပ်တည်ချက်စာတမ်းနှစ်ခုအား မီးမောင်းထိုးပြထားသည်။ 

 

ပထမသဘောထားထုတ်ပြန်ချက်တစ်ခုမှာ ကယားပြည်လူ့အခွင့်အရေးနှင့်သဘာဝဝန်းကျင်ဆိုင်ရာ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှုကွန်ရက် (KEAN) မှ ၂၀၂၀ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်ခဲ့ပြီး လက်ရှိမြေယာ ပြုပြင် ပြောင်းလဲမှုအခြေအနေအား စီစစ်သုံးသပ်ခြင်းနှင့် အကြံပြုချက်များအား ဖော်ပြထားသည်။  မြေယာပဋိပက္ခများအား အောက်ခြေတွင် ထိရောက်စွာဖြေရှင်းနိုင်ရန် အရေး တကြီးလိုအပ်ကြောင်းနှင့်  မြေပေါ်တွင်မှီခိုလုပ်ကိုင်နေသော အလုပ်သမားလူတန်းစား၊ တောင်သူ လယ်သမားများ နှင့် ဒေသခံဌာနေတိုင်းရင်းသားလူမျိုးများ၏ မြေဆိုင်ရာအခွင့်အရေး လုံခြုံ စိတ်ချရမှုရှိစေရန် ဖော်ပြထားသည်။ ပြည်သူလူထု၏ မြေယာအခွင့်အရေးများအား ရှင်းလင်းစွာ ကာကွယ်ပေးထားမှုမရှိသည့် တည်ဆဲပြဌာန်းမြေဥပဒေများ အပါအဝင် လက်ရှိမြေစီမံ အုပ်ချုပ်မှု ယန္တရားများနှင့်တည်ဆောက်မှုများထက် ကျော်လွန်စဉ်းစားလုပ်ဆောင်ရမည်ဟုလည်း ၎င်းတို့က တိုက်တွန်းထားသည်။ ပိုမိုအရေးကြီးသည်မှာ ကွဲပြားသောပုံစံသစ်များဖြင့် ကိုယ်ပိုင်ဆုံးဖြတ် ပိုင်ခွင့်ရှိသော ဖက်ဒရယ်မြေယာ အုပ်ချုပ်စီမံမှုစနစ်တစ်ရပ် သို့ လျှောက်လှမ်းရန် ထုတ်ဖော်ပြ ထားသည်။

 

ဒုတိယသဘောထားထုတ်ပြန်ချက်မှာ ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သော ဒို့မြေကွန်ရက်၏ရပ်တည်ချက် စာတမ်းဖြစ်သည်။ ၎င်းတို့ရပ်တည်ချက်စာတမ်းတွင် ကွန်ရက် အနေဖြင့် မည်သည့် မြေဥပဒေသစ် တစ်ရပ်အား မျှော်လင့်သည်ကို တင်ပြထားသည်။ နိုင်ငံ၏ မြေပြဿနာများအား ကိုင်တွယ်ဖြေရှင်းရန် မြေဥပဒေ သစ်သည် တောင်သူငယ်များ၊ ကျေးလက် လုပ်သားများ၏ မြေဆိုင်ရာအခွင့်အရေးများအား ပံ့ပိုးခြင်းနှင့် ပြည်သူများ၏ မြေအချုပ်အခြာ ပိုင်စိုးမှုအားသေချာမှုရှိစေရမည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။ မြေဥပဒေသစ်သည် တည်ရှိ နေသော မတူကွဲပြားသည့်မြေစီမံခန့်ခွဲမှုစနစ်များ၊ လက်တွေ့ကျင့်သုံးမှုများနှင့် မတူညီသော တိုင်းရင်းသား မြေမူဝါဒများအား ရှင်းလင်းစွာ အသိအမှတ်ပြုရမည်ဟုလည်း တောင်းဆိုထား သည်။ မြန်မာနိုင်ငံ၏ ဥပဒေမူဘောင်များနှင့်မတူညီဘဲ ကေအဲန်ယူအမျိုးသား အစည်းအရုံး၏ မြေယာမူဝါဒကဲ့သို့သော  ထို မူဝါဒများမှာ စုပေါင်းလုပ်ပိုင်ခွင့်၊ IDPs နှင့် စစ်ဘေးဒုက္ခသည်များ၏ မြေယာအခွင့်အရေး၊ အမျိုးသမီးများ၏မြေယာအခွင့်အရေးနှင့် နိုင်ငံတကာအကောင်းဆုံး လုပ်ထုံး လုပ်နည်းများ နှင့်အခြေခံမူများအား ရည်ညွန်းထင်ဟပ်မှုများအပါအဝင် ဓလေ့ထုံးတမ်းမြေ လုပ်ပိုင်ခွင့်များအား အသိအမှတ်ပြုထားသည်။ မြေဥပဒေရေးဆွဲမှုဖြစ်စဉ်သည် မည်သို့ ဖြစ်ရမည် ဆိုသည်ကိုလည်း ဖော်ပြထားသည်။

 

TNI အနေဖြင့် လူသားအားလုံး အထူးသဖြင့် အမျိုးသမီးများ၊ လူငယ်များ၊ အခြေခံလူတန်းစား၊ ခုခံနိုင်စွမ်းအားနည်းသူများနှင့် ဘေးဖယ်ကြဉ်ခံရသူများ၏ မြေ၊သားငါး၊ သစ်တော၊ ရေနှင့် အခြားဆက်စပ် သယံဇာတများ ထိန်းချုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများအား တန်းတူညီမျှစွာဖြင့် လူမှုရေးတရားမျှတမှုအား မြှင့်တင်လုပ်ဆောင်နေသော မြန်မာနိုင်ငံရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်အတူ စည်းလုံးညီညွတ်စွာဖြင့် ရည်တည်လျက်ရှိသည်။ ရေရှည် တည်တံ့ပြီး ဒီမိုကရေစီနည်းလမ်း တကျရှိသော လူမှုတရားမျှတမှုရှိသည့် လူမှုအသိုက်အဝန်း တစ်ရပ်အား တည်ဆောက်နိုင်ရန် စီးပွားရေးဖွံ့ဖြိုးမှု အတွက်သာ အသားပေးသော မြေမူဝါဒ၊ ဥပဒေများထက် လက်တွေ့ကျင့်သုံးနေသည့် ဓလေ့ထုံးတမ်း မြေစီမံအုပ်ချုပ်မှုစနစ်များ အပါအဝင် တိုင်းရင်းသားမြေမူဝါဒများ၊ ဥပဒေများကို ထင်ဟပ်သော  ပြည်သူဗဟိုပြု မြေမူဝါဒ၊ ဥပဒေများအား ကျွန်ုပ်တို့မှမျှော်လင့်ပါသည်။ ထိုသို့ဖော်ဆောင်ရန်ပျက်ကွက်ခြင်းဖြင့် မြန်မာနိုင်ငံ ပြည်သူလူထုများ အတွက် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး နှင့် သာတူညီမျှရှိသော ဖွံ့ဖြိုးမှုဖော်ဆောင်ရာတွင် ကြီးမားသည့် နောက်ဆက်တွဲဆိုးကျိုး သက်ရောက်မှုများ ရှိလာလိမ့်မည်ဖြစ်သည်။

Ideas en movimiento

Impulsa nuestra labor

Si deseas apoyar nuestro trabajo, considera realizar una donación. Nos comprometemos a que nuestra valiosa investigación esté accesible sin costo, pero para eso necesitamos de tu ayuda. Si todas las personas que leen nuestro contenido realizan una donación de tan solo €12 podremos apoyar nuestro trabajo durante tres años.

Done Ahora