လမ်းဆုံးလမ်းခွကို ရောက်နေသော ရက္ခိုင်ပြည် အသစ်ဖြစ်ထွန်လာသော စစ်ရေး၊ နိုင်ငံရေးအခြေအနေများအား သုံးသပ်တင်ပြခြင်း

မကြာသေးခင် လပိုင်းများအတွင်း တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီကို ဆန့်ကျင်ပြီး မထင်မှတ် ထားသော အောင်မြင်မှုများကို ရရှိခဲ့သည်။ အဓိကကျသော စစ်မျက်နှာတစ်ခုမှာ အာရက္ခတပ်တော်မှ မြို့နယ်အများစုကို ထိမ်းချူပ်ထားသော ရက္ခိုင်ပြည်ဖြစ်သည်။ သို့သော် စစ်ကောင်စီဆုတ်ခွါသည်နှင့်အမျှ မြန်မာစစ်တပ်သည် အသိုင်းအဝိုင်များအကြား ကွဲပြဲမှုကို ဖြစ်စေရန် ရိုဟင်ဂျာမူဆလင်များကို စစ်သား စုဆောင်းခြင်းအပါအဝင် ရက်စက်ကြမ်းကြုတ်မှု နှင့် အစွန်းရောက်မှုတို့ကို ပိုမိုလုပ်ဆောင်လာသည်။ တဖက်တွင် အပြစ်မဲ့ ပြည်သူများသေဆုံးမှု၊ စစ်ဘေးဒုက္ခသည်ဖြစ်မှု နှင့် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အခြေအနေမှာလည်း ပိုမိုကြီးထွားလာသည်။ ယခုသုံးသပ်ချက် ဆောင်းပါးတွင် ကိုနိုင်လင်းမှ နိုင်ငံရေး ဇာတ်ကြောင်းများသည် မည်ကဲ့သို့ ပြောင်းလဲလာသည်၊ အသိုင်းအဝိုင်းများကြား သွေးခွဲမှု၏ အန္တရာယ်၊ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်း၏ ပမာဏ နှင့် ရက္ခိုင်ပြည်လွတ်မြောက်ရေးကြိုးဖမ်းရာတွင် လူ့အသိုင်းအဝိုင်းတိုင်းအတွက် ငြိမ်းချမ်းရေးလိုအပ်မှုများ အပါအဝင် ပဋိပက္ခ၏ နောက်ဆုံးအခြေအနေများကို လေ့လာသုံးသပ်ထားပါသည်။

Authors

Longread by

Naing Lin
Photo: AA Soliders and Rohingya IDPs

Photo credit: AA Info Desk

အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များနှင့် ရိုဟင်ဂျာဒုက္ခသည်များ

ရှမ်းပြည်မြောက်ပိုင်းတွင် “ညီနောင်မဟာမိတ် (၃) ဖွဲ့” မှ ‘၁၀၂၇ စစ်ဆင်းရေး’ ဆောင်ရွက်ပြီး (၆) လခန့် အကြာမှာပင် မြန်မာပြည်တွင်း စစ်ရေး၊ နိုင်ငံရေးအခင်းအကျင်းများသည် အဆင့်တစ်ခုသို့ တက်လှမ်းသွားပြီဟု လေ့လာသုံးသပ်သူများမှ ဆိုကြသည်။ ဒီမိုကရေစီကို လိုလားသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သော အဆိုပါ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်‌ စစ်ဆင်ရေး မတိုင်ခင်ကဆိုလျှင် မြန်မာပြည်နိုင်ငံရေးကို စစ်ရေး၊ နိုင်ငံရေး အဆိုပြုချက် ဇာတ်ကြောင်း (၂) ခုမှ လွှမ်းမိုးခဲ့သည်။ ပထမ ယူဆချက်မှာ နိုင်ငံတွင်း စစ်ရေး ပြိုင်ဆိုင်မှုများသည် ‘သူမနိုင် ကိုယ်မသာ’ အခြေအနေတစ်ခုသို့ ရောက်ရှိနေပြီး၊ စစ်ကောင်စီ (စကစ) သည် မဟာဗျူဟာကျသည့် ဆက်သွယ်ရေးလမ်းကြောင်းနှင့် မြို့ပေါ်ဒေသများကို ထိမ်းချူပ်ထားကာ ဆန့်ကျင် တော်လှန်‌ရေးအင်အားစုများသည် ၎င်းတို့၏ စစ်ဆင်ရေး အမြင့်ဆုံးသို့ ရောက်ရှိလာကာ ပြန်လည် လျှော့ကျဖို့သာ လိုတော့သည်ဟုဆိုသည်။ ဒုတိယ အယူအဆတစ်ခုမှာ စစ်ကောင်စီ ဦးဆောင်သော မြန်မာစစ်တပ်ကို နိုင်ငံရေးအားဖြင့် အနိုင်ယူနိုင်မည်ဟု မထင်ခဲ့သောကြောင့် လူထုမှ လွန်စွာ ကြိုက်နှစ်သက်မှု မရှိသော “၂၀၀၈ ဖွဲ့စည်းပုံ” အောက် နိုင်ငံရေးဆွေးနွေးမှု နှင့် ရွေးကောက်ပွဲလမ်းကြောင်းကို ပြန်သွားခြင်းသည်ပင် တိုင်းပြည်နှင့် ပြည်သူများအတွက် တစ်ခုတည်းသော ရှေ့ဆက် ရွေးချယ်စရာဟု ဆိုသည်။

သို့သော် အဆိုပါ စစ်ရေး၊ နိုင်ငံရေး အဆိုပြုချက်များသည် ကိုးကန့် (MNDAA)၊ တအောင်း (TNLA) နှင့် ရက္ခိုင် (AA) တို့ပါဝင်သော တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင် (၃) ဖွဲ့မှ ဦးဆောင်သော ရှမ်းပြည်မြောက်ဖက် “၁၀၂၇ စစ်ဆင်‌ရေး” ကြောင့် ကျိုးပျက်သွားခဲ့ပေသည်။ ကချင်ပြည် အခြေစိုက်၊ ညီနောင် (၃) ဖွဲ့၏ မဟာမိတ်ဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ‘ကချင်လွတ်မြောက်ရေးအဖွဲ့’ (KIO) မှလည်း နိုင်ငံ အရှေ့မြောက် ဒေသဖက်တွင် အရေးကြီးသော နေရာမှ ပါဝင်ဆောင်ရွက်ခဲ့ပေသည်။ အဆိုပါ စစ်ဆင်းရေးကြီး၏ အထွတ် အထိပ်သော စစ်ရေးရလဒ်မှာ ဘေဂျင်းအစိုးရမှ အစပြုသော ဇန်နဝါရီ ၁၁၊ ၂၀၂၄ ခုနှစ် အပစ်အခတ်ရပ်စဲရေးမတိုင်ခင်ထိ ရှမ်းမြောက်ဒေသတွင် အနည်းဆုံး မြို့ပေါင်း (၁၅) မြို့လောက် ညီနောင်(၃) ဖွဲ့ နှင့် ပူးတွဲ တပ်ဖွဲ့များလက်အောက်သို့ ကျရောက်သွားခြင်းပင်ဖြစ်ပါသည်။

တပြိုင်နက်တည်းတွင် ချင်း၊ ကယား (ကရင်နီ)၊ ကရင် နှင့် ရှမ်းပြည်တောင်ဖက်ရှိ လူမျိုးစုလက်နက်ကိုင် တပ်ဖွဲ့များသည်လည်း အတိုက်အခံအင်အားစုများအတွက် သိသာသော တိုးတက်မှုကို ဖြစ်စေခဲ့သော စစ်ရေးထိုးစစ်ဆင်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ပေသည်။ ရလာဒ်အနေဖြင့် ဗမာလူမျိုးများ မနေထိုင်သော နိုင်ငံ့ နယ်စပ်ဒေသများတွင် စကစ ထိမ်းချုပ်မှု လွန်စွာ ကျဆင်းသွားခဲ့ပေသည်။ တစ်ချိန်တည်းမှာပင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံအားပေးသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) များသည်လည်း ဗမာအများစုနေထိုင်ရာ ဒေသများဖြစ်သော စစ်ကိုင်း၊ မန္တလေး နှင့် မကွေးဒေသများတွင် စစ်ဆင်‌ရေးများကို စတင်လုပ်ဆောင်ခဲ့ပေသည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သော စစ်ကောင်စီသည် လက်ရှိတွင်တော့ တိုင်းပြည်တစ်ဝှမ်းလုံးတွင် တိုင်းရင်သားပြည်သူတစ်ရပ်လုံးနီးပါး၏ ဆန့်ကျင်တွန်းလှန်မှုကို ရင်ဆိုင်နေရပေသည်။

အထက်ပါ နောက်ခံအခင်းအကျင်းအောက်တွင်ပင် ‘၁၀၂၇ စစ်ဆင်ရေး’ ပြီးနောက် (၂) ပတ်ခန့်အကြာ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ညီနောင် (၃) ဖွဲ့၏ အဖွဲ့ဝင်ဖြစ်သော အာရက္ခတပ်တော်သည် စစ်ဆင်‌ရေးကို စတင်ခဲ့ပြီးနောက် မြန်မာပြည်အနောက်ဖက် ရက္ခိုင်ပြည်နှင့် ချင်းပြည် ဆက်စပ်နယ်မြေများတွင် စစ်ရေးအခင်းအကျင်းသစ် တစ်ခုကို ထွက်ပေါ်လာစေခဲ့ပေသည်။ နှစ်ဝက်ခန့် အပစ်အခတ်ရပ်စဲပြီးနောက် ယခု တစ်ကြိမ်တွင်တော့ အာရက္ခတပ်တော်အတွက် ထူးခြားသော စစ်ရေးအောင်မြင်မှုများ ရက္ခိုင်ပြည်တွင်း ထွက်ပေါ်လာခဲ့ပေသည်။ အကျိုးဆက်အနေဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်သည် (ULA/AA) ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ (၃) နိုင်ငံဆက်စပ်နယ်မြေ နှင့် ရက္ခိုင်ပြည်၏ နယ်မြေအများစုကြီးတွင် အဓိကကျသော အုပ်ချုပ်ရေး အဖွဲ့အစည်းဖြစ်လာသည်။ သို့သော်ငြားလည်း ရေတို နှင့် ရေရှည်ကာလတွင် စစ်ရေးနှင့် နိုင်ငံရေး ယှဥ်ပြိုင်မှုများသည် မြန်မာနိုင်ငံအနောက်ဖက်ဒေသတွင် မည်ကဲ့သို့ ထွက်ပေါ်လာနိုင်မည်နည်း ဟူသော မေးခွန်းနှင့် ဆက်စပ်၍ မေးခွန်းများစွာ ကျန်ရှိနေ‌ပါသေးသည်။

ယခု လေ့လာရေးသားချက်သည် လျှင်မြန်ပြီး၊ ထူခြားသော အပြောင်းအလဲများအတွင်း ရက္ခိုင်ပြည်တွင် ပြောင်းလဲနေသော စစ်ရေး၊ နိုင်ငံရေး အကြောင်းကိစ္စများများကို သုံးသပ်ထင်ဟပ်ရန် ကြိုးပမ်း ချက်တစ်ခုဖြစ်ပေသည်။ လွန်ခဲ့သော (၆) လတာ ကာလအတွင်းတွင် ကြီးမားသော ပြောင်းလဲတိုးတက်မှုများ ဖြစ်ထွန်းလာသည်။ ထိုအထဲမှာ အဓိကကျသော ကိစ္စများမှာ ရက္ခိုင်ပြည် မြို့နယ်တိုင်းနီးပါးအား လက်နက်ကိုင်ပဋိပက္ခ ပျံနှံ့လာမှု၊ လူမျိုးတိုင်းတွင် စစ်ဘေးဒုက္ခသည်များ ဖြစ်ပေါ်လာမှု၊ စစ်ကောင်စီမှ ရိုဟင်လူငယ်များကို တပ်သားသစ်စုဆောင်းရာမှ စတင်လာသော လူမှုသဟဇာတဖြစ်ရေးကို ခြိမ်းခြောက်မှု၊ ဆိုးရွားလှသော လူအခွင့်အရေးချိုးဖောက်မှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်ကိစ္စ၊ ရက္ခိုင်ပြည် နှင့် ကြာရှည်စွာ ဘေးဒုက္ခခံစားနေကြရသော ပြည်သူများ၏ အနာဂတ်နိုင်ငံရေးအခင်းအကျင်းများနှင့် ပတ်သတ်ပြီး မှန်းဆမှုများ ပါဝင်ပါသည်။ ဗြိတိသျှအဂ်လိပ်အုပ်ချုပ်ရေးမှ လွတ်လပ်ရေးရပြီး ဆယ်စုနှစ်ပေါင်းများစွာ အကြာ ရက္ခိုင်ပြည်တွင်း လွတ်မြောက်ရေးလှုပ်ရှားမှုသည် အရေးကြီးသော လမ်းဆုံလမ်းခွများတစ်ခုတွင် ကျ‌ရောက်နေ ပေသည်။

အေအေ၏ စစ်ပွဲနည်းနာ

လွန်ခဲ့သော (၁၅) နှစ် ဧပြီ ၁၀၊ ၂၀၀၉ ခုနှစ်တွင် ထူထောင်ခဲ့သော အာရက္ခတပ်တော် (အေအေ) သည် မြန်မာနိုင်ငံတွင်း၌ ရှိသော ပြည်နယ်လူမျိုးစုအခြေပြု လက်နက်ကိုင်တပ်ဖွဲ့များထဲတွင် တချို့သော ခန့်မှန်းချက်များအရ အကြီးမားဆုံးသော လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်လာပေသည်။ အေအေ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မကြာသေးခင်က အင်တာဗျူးတစ်ခုအရ အေအေတွင် အရံတပ်ဖွဲ့ဝင်များအပြင် အမြဲတမ်းတိုက်ခိုက်ရေး အင်အား ၄၀၀၀၀ (၄ သောင်း) ဝန်းကျင်ခန့် ရှိသည်ဟု ဆိုသည်။မေလ အလယ်လောက်တွင် ‌အေအေသည် ချင်းပြည်တောင်ပိုင်း ပလတ်ဝ၊ ရက္ခိုင်ပြည် အလယ်-တောင်ဖက်ရှိ ရမ်းဗြဲ၊ နှင့် မြောက်ဖက်နှင့် အလယ်ဖက်ရှိ ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် နှင့် ဘူးသီးတောင်မြို့များ ကဲ့သို့ မြို့ကြီး (၁၀) မြို့နှင့် မြို့နယ် တချို့ကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။ တဖက်တွင် အေအေ၏ ထိုးစစ်သည် မြောက်ဖက် မောင်တော၊ အလယ်ဖက် အမ်း နှင့် တောင်ဖက် သံတွဲ မြို့တို့ ကဲ့သို့ စစ်ဆင်ရေး နယ်မြေ (၃) ခု တွင် ဆက်လက်ဖြစ်ပေါ်နေသည်။

လွန်ခဲ့သော ရက်တစ်ပတ် (၃) ပတ်အတွင်း အေအေ သည် ရက္ခိုင်ပဋိပက္ခကို ပိုပြီး အာရုံစိုက်မှုရရှိစေခဲ့သော တိုးတက်ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ မေလ ၁၈ ရက်နေ့တွင် အေအေတပ်ဖွဲ့ဝင်များသည် အနောက်ဖက်ရှိ မောင်တောမြို့နယ်အတွင်း နယ်ခြားစောင့်တပ်ဖွဲ့များအပါအဝင် ဘူးသီးတောင်ရှိ စကခ (၁၅) နှင့် တပ်ရင်းဌနချုပ်များကို သိမ်းပိုက်ရရှိခဲ့သည်။ တဖက်တွင် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိသော အမ်းမြို့တွင် အေအေတပ်ဖွဲ့ဝင်များသည် မြို့ကို ဝိုင်းရံထားပြီး၊ ရန်ကုန်-အမ်းလမ်းမကြီးကိုလည်း ပိတ်ဆို့ထားသည်ဟု ဆိုသည်။ တချိန်တည်းတွင်ပင် ရက္ခိုင်ပြည်တောင်ဖက် သံတွဲမြို့နယ်ရှိ ‘သူဌေးရေအားလျှပ်စစ်’ စီမံကိန်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အေအေ၏ ကြီးမားသော တိုက်ခိုက်မှုများအောက်တွင် ကျရောက်နေသည်ဟု ဆိုသည်။ အမှန်ပင် ရက္ခိုင်ပြည်တစ်ခုလုံးသည် စစ်ဆင်ရေးနယ်မြေဖြစ်နေပြီး၊ အေအေအနေဖြင့် မျက်နှာစာတိုင်းတွင် မဟာဗျူဟာကျသော ထိုးစစ်များကို လုပ်ဆောင်နေခြင်းပင်ဖြစ်သည်။

အဆိုပါ စစ်ဆင်ရေးဇုံ (၃) ခု ထဲတွင်  မြောက်ဖက် နယ်စပ်တစ်လျှောက်တွင်ရှိသော မြို့နယ်များနှင့် မောင်တော တို့တွင် လက်နက်ကိုင်ပဋိပက္ခသည် အရှုပ်ထွေးဆုံး နှင့် ထိလွယ်ရှလွယ်အဖြစ်ဆုံးဖြစ်သည်။ လက်နက် ကိုင်တိုက်ခိုက်မှုများ ကြီးထွားလာပြီးနောက် လွန်ခဲ့သော နှစ်ဝက်လောက်ကတည်းက စစ်ကောင်စီမှ ရိုဟင်ဂျာ လူငယ်များကို ဒေသတွင်းနှင့် နတ်မြစ် တဖက်ကမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းမှ တပ်သားသစ် စုဆောင်းခြင်း ကြောင့် ပို၍ ရှုပ်ထွေးစေခဲ့သည်။

လက်ရှိအနေအထားတစ်ခုကို ရောက်လာစေရန် အေအေ ခေါင်း‌ဆောင်များသည် မကြားသေးခင်က စတုတ္ထလှိုင်းအပါအဝင် ထိုးစစ်လှိုင်း (၃) ခုကို စတင်ခဲ့ပေသည်။ ပထမဆုံး ထိတွေ့တိုက်ပွဲများသည် ရသေ့တောင်မြို့နယ်အတွင်း လွန်ခဲ့သော နိုဝင်ဘာလမှ စတင်ခဲ့ပြီး၊ ၂၀၁၂ ဖေဖော်ဝါရီ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဖြစ်တည်ခဲ့သော အပစ်အခတ်ရပ်စဲရေးကို အဆုံးသတ်စေခဲ့သည်။ သို့သော် ပထမဆုံး အေအေ၏ ထိုးစစ်လှိုင်းသည် ယခင် ‘ရခိုင်တောင်တန်းဒေသ’၊ ယခု ချင်းပြည်ထဲတွင်ရှိသော ပလတ်ဝမြို့နယ်တွင် စတင်ခဲ့ပြီး၊ ဇန်နဝါရီလလယ်ပိုင်းတွင်း ဒေသတစ်ခုလုံးကို သိမ်းပိုက်ရရှိခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။ အကျိုးဆက်အနေဖြင့် ဒုတိယထိုးစစ်လှိုင်းသည် ကုလားတန် နှင့် လေးမြို့ မြစ်ဝှမ်းဒေသတစ်လွှားတွင် ဖြစ်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီလလယ်ပိုင်းတွင် ကျောက်တော်မြို့နားရှိ စကခ (၉) အောက် တပ်ရင်းများအားလုံးကို သိမ်းပိုက်ရရှိစေကာ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံ နှင့် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့တို့ကို သိမ်းပိုက်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ထို့နောက် တတိယထိုးစစ်လှိုင်းသည် ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့ များအား အေအေ ထိမ်းချုပ်မှုအောက်သို့ ရောက်ရှိစေခြင်းဖြင့် မတ်လလယ်ပိုင်းတွင် အဆုံးသတ်သွားခဲ့သည်။ 

အဆိုပါ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများသည် ၂၀၀၉ ခုနှစ်မှ စတင်ထူထောင်ခဲ့သော အေအေတွက် အင်အားနှင့် ကျယ်ပြန့်မှုအရပါ အသိအမှတ်ပြုလောက်သော တိုးတက်မှုကို ဖြစ်စေခဲ့သည်။ လက်ရှိ လက်နက်ကိုင်တိုက်ပွဲများ မတိုင်ခင် အေအေတပ်ဖွဲ့ဝင်များသည် ပြင်းထန်သော စစ်ပွဲများကို နှစ်ကြိမ် ဖြတ်သန်းခဲ့ပြီး၊ ပထမတိုက်ခိုက်မှုမှာ ၂၀၁၈ တွင်စပြီး၊ ၂၀၂၀ နှောင်းပိုင်းတွင် အပစ်အခတ်ရပ်စဲရေးဖြင့် အဆုံးသတ်သွားက၊ ဒုတိယ တိုက်ခိုက်မှုသည် ၂၀၂၂ ခုနှစ်၊ သြဂုတ် နှင့် နိုဝင်ဘာလ ကြားတွင် ဖြစ်ပွားခဲ့သည်။ ထိုကဲ့သို့ ‘အဖွင့်-အပိတ်’ လုပ်သော စစ်ရေးဗျူဟာသည် အေအေအတွက် စစ်ရေးနှင့် နိုင်ငံရေးခွန်းအားကို ပို၍ ကြီးထွားစေခဲ့ပြီး၊ နယ်မြေအတွင်း လွှမ်းမိုးထိမ်းချူပ်နိုင်သော အင်အားစုဖြစ်လာကာ မြန်မာစစ်တပ်ကို စစ်မြေပြင်တွင် စစ်ခေါ်တိုက်ခိုက်နိုင်သော တစ်ခုတည်းသော ယှဥ်ပြိုင်ဖက် အဖြစ် ဖြစ်စေခဲ့သည်။ အဆိုပါ အလွတ်သဘောအပစ်အခတ်ရပ်စဲပြီးနောက်တွင် အေအေ၏ နိုင်ငံရေးအင်အားစုဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သည် ပါတီအရာရှိများမှ ဦးဆောင်သော အုပ်ချုပ်ရေးဆိုင်ရာ တည်ဆောက်မှု နှင့် အပြိုင် စစ်ရေးခွန်အားကိုပါ ကြီးထွားစေခဲ့သည်။

ထိုကဲ့သို့ နိုင်ငံရေး၊ စစ်ရေးချဲ့ထွင်မှုကို ပြင်ဆင်လျက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ခေါင်း‌ဆောင်များသည် ရက္ခိုင်ပြည်တွင်း ရိုဟင်ဂျာများနှင့် ပတ်သတ်သော စိန်ခေါ်မှုများ၊ ရှုပ်ထွေးသော လူမှု-နိုင်ငံရေး အခင်းအကျင်းများကို သတိထားမိခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် အဆိုပါ ကိစ္စနှင့် ဆက်စပ်ပြီး၊ ၁) အသိုင်းအဝိုင်းတိုင်းပါဝင်သော လူမူသဟဇာတဖြစ်ရေးကို မြင့်တင်ခြင်း၊ ၂) ဒေသအုပ်ချုပ်ရေးတွင် အားလုံးပါဝင်သောအုပ်ချုပ်ရေးကို မြင့်တင်ခြင်း နှင့် ၃) အသိုင်းအဝိုင်းတိုင်းပါဝင်ခြင်းဖြင့် ပွင့်လင်းမြင်သာသော အခွင့်အရေးနှင့် တရားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ခြင်း တို့ ပါဝင်ပေသည်။

သီအိုရီသဘောအရဆိုလျှင် ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့သော မြန်မာစစ်တပ်အောက် ညံ့ဖျင်းသောအုပ်ချုပ်‌ရေး နှင့် ဆယ်စုနှစ်များစွာကြာသော လူမှုအကွဲအပြဲများနှင့် ဆန့်ကျင်စွာပင် အေအေထိမ်းချူပ်နယ်မြေများတွင် တိုးတက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် ရိုဟင်ဂျာကိစ္စနှင့် ပတ်သတ်ပြီး အဖြေရှာမှုမှာ မသေချာမှု၊ မသိကိန်းများနှင့် ဆက်ရှိနေပြီး၊ စိန်‌ခေါ်မှုများမှာ ဇန်နဝါရီ လလယ်ပိုင်းမှ စတင် အားနည်း၊ ခံနိုင်ရည်မရှိသော စစ်ကောင်စီမှ ရိုဟင်ဂျာလူငယ်များကို စစ်သားသစ်စုဆောင်းခြင်းမှ စတင်ကြီးထွားလာပေသည်။ လေ့လာသူ များမှ ထောက်ပြသကဲ့သို့ပင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကျဆုံးနေသော ခေါင်းဆောင်မှုအောက်တွင် ရက္ခိုင်ပြည်ကို ဆုံးရှုံးရခြင်းမှာ ကြီးမားသော စီးပွါးရေးထိုးနှက်ချက်တစ်ခု ဖြစ်နေပေသည်။

လက်ရှိကာလတွင်တော့ စစ်ကောင်စီ၏ နည်းပရိယာယ်ပြောင်းလဲမှု အကျိုးဆက်များမှာ မရေမရာဖြစ်နေဆဲဖြစ်သည်။ သို့သော် နိုင်ငံတကာမှ ပြစ်တပ်ရှုံချမှုများကြားတွင်ပင် မြန်မာစစ်တပ်၏ သတ်ဖြတ်မှုများမှ လွတ်မြောက်ရန် ရိုဟင်ဂျာပေါင်း ၇၀၀,၀၀၀ (၇ သိန်း) ကျော်ခန့် ဘင်္ဂလားဒေ့ရှ် သို့ထွက်ပြေးရန် ကြိုးပမ်းမှု အပြီး (၆) နှစ်ခန့် အကြာတွင် ရက္ခိုင်အများစုဖြင့် ဖွဲ့စည်းထားသော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် ကို ဆန့်ကျင်တိုက်ခိုက်ရန် စစ်ကောင်စီသည် ရိုဟင်ဂျာလူငယ် များကို အသုံးပြုရန် ကြိုးပမ်းနေပေသည်။ ပို၍ ဘေးကျပ်နှံကျပ်ဖြစ်စေသည်မှာ ရက္ခိုင်ပြည်ရှိ လူမျိုးတိုင်းမှ စုပေါင်းလမ်းကြောင်းဖြင့် လွတ်မြောက်မှုကို ရရှိရန် ကြိုးဖမ်းနေစဥ်မှာ ဗမာအများစုဖြင့်ဖွဲ့စည်ထားသော စစ်ကောင်စီသည် ဒေသတွင်း စစ်ပွဲတစ်ခုကို ဆင်နွဲရန်အတွက် အသေအချာ ဆုံးဖြတ်ထားပုံပေါက်ပါသည်။ နယ်မြေအတွင်း အနာဂတ် လူမှုရေးနှင့် နိုင်ငံရေးတိုးတက်ဖြစ်ထွန်းမှုများကို ပုံသွင်းစေမည့် အန္တရာယ်ကြီးသော အခိုက်အတန့်တစ်ခုကိုလည်း ကျရောက်နေပေသည်။

စစ်ကောင်စီတပ်မှ ရိုဟင်ဂျာများကို တပ်သားစုဆောင်းခြင်း၊ လူမူသဟဇာဖြစ်ရေးကို စိန်ခေါ်မှု

ရက္ခိုင်စစ်မျက်နှာအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီသည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ‘စစ်မှုထမ်းဥပဒေ’ ကို ပြန်ဌာန်းခဲ့သည်။ ဥပဒေအရဆိုင်လျှင် တရားဝင်နိုင်ငံသားများသာ အဆိုပါ အစီစဥ်အောက်တွင် “သက်ရောက်မှု” ရှိသည်။ သို့သော် အငြင်းပွါးဖွယ်ဖြစ်သော “၁၉၈၂ နိုင်ငံသားဥပဒေ” အရ “ပြုနိုင်ငံသား” နှင့် “ဧည့်နိုင်ငံသား” တို့မှာလည်း အကျူးဝင်သည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ဆိုသည်။ သို့သော် ၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်မှုကို သက်သေပြရန် အခက်အခဲဖြစ်နေသော ရိုဟင်ဂျာများမှ စစ်သားစုဆောင်းမှုအတွက် တရားဝင်လူဦးရေ ဖြစ်မှု၊ မဖြစ်မှု မှာလည်း မရှင်းလင်းသေးပေ။ ထိုအစား အဆိုပါ စစ်ကောင်စီပြောခွင့်ရကပင် ‘ရက္ခိုင်ပြည်တွင်း မူဆလင်အသိုင်းအဝိုင်းထဲမှ စစ်သားစုဆောင်းမှု မရှိ’ ဟု ဆိုသည်။ သို့သော် တစ်လခန့်အကြာတွင် ၎င်းမှ “ရိုဟင်ဂျာများကို စစ်သားစုဆောင်းခြင်းသည် မိမိကိုယ်ကို မိမိကာကွယ်ပိုင်ခွင့် အတွက် ရိုဟင်ဂျာအသိုင်းအဝိုင်းများမှ တောင်းဆိုမှုကြောင့်ဟု ဆိုပြီး၊ ထိုကဲ့သို့ စုဆောင်းထားသူများကို ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ခြင်းမရှိ” ဟု ဆိုသည်။

ထိုကဲ့သို့ စစ်ကောင်စီပြောဆိုချက်ကို ယုံကြည်မှု လွန်စွာနည်းပါးပြီး၊ ရိုဟင်ဂျာအများအပြားသည်လည်း တပ်သားအဖြစ် စုဆောင်းမခံရစေရန် ထွက်ပြေးတိမ်းရှောင်နေကြသည်။ သို့သော် ဥပဒေကြောင်းအရ မှန်ကန်မှု နှင့် နိုင်ငံရေးရှုပ်ထွေးမှု မည်ကဲ့သို့ ဖြစ်စေကာမူ စစ်ကောင်စီ၏ စုဆောင်းရေးမူဝါဒကြောင့် အသိုင်းအဝိုင်းများကြားဆက်ဆံရေးကို ထိခိုက်မှု ဖြစ်စေခဲ့ပြီး ဖြစ်သည်။ တပ်သားသစ်စုဆောင်းခြင်းကို စတင်သည်နှင့် ပဋိပက္ခအတွင်းတွင် ရိုဟင်ဂျာလူငယ်များပါဝင်လာပြီး အခင်းအကျင်းသစ်တစ်ခုဆီသို့ ဦးတည်သွားကာ စစ်ကောင်စီသည် အသစ် လေ့ကျင့်ထားသော ရိုဟင်ဂျာလူငယ်များကို ရည်မှန်းချက် (၃) ခု အတွက်၊ ပုံစံ (၃) မျိုးဖြင့် အသုံးချနေပေသည်။

ပထမနည်းလမ်းသည် မြောက်ဖက်ရှိ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များတွင် အေအေ၏ ထိုးစစ်ကို ဟန့်တား၊ နှောင့်နှေးစေရန်အတွက် ဖြစ်ပါသည်။ ထိုကဲ့သို့ လုပ်ဆောင်ရန် စစ်ကောင်စီသည် လက်နက်ကိုင် ရိုဟင်ဂျာများကို လူသားဒိုင်းကာ၊ တဆင့်ခံတပ်သား နှင့် အရံတပ်သားများအဖြစ် အသုံးပြုပေသည်။ ဒုတိယတစ်ခုမှာ စစ်ကောင်စီသည် နောက်ထပ် အသိုင်းအဝိုင်းများကြား ပဋိပက္ခကို ဖန်တီးခြင်းအားဖြင့် နိုင်ငံရေးအကျိုးအမြတ်ရစေရန် ကြိုးပမ်းအားထုတ်ခဲ့ပေသည်။ ထိုကဲ့သို့ ကြိုးပမ်းမှုများသည် ၂၀၁၂ နှင့် ၂၀၁၇ မတိုင်ခင်က စစ်တပ်မှ၏ အဓိက လှုံဆော်မှုကြောင့် အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ အပြုအမှုများအတိုင်းပင် စစ်ကောင်စီအရာရှိများသည် ‘လူမျိုးရေးအမုန်းတရား’ လှုံဆော်မှုများကို ဖြန့်ဝေခဲ့ပြီး၊ ယခင်ရှိနှင့်ပြီး သေးငယ်သော ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များဖြစ်သော အာဆာ (ARSA)၊ အေအာအေ (ARA) နှင့် အာအစ်(စ်)အို (RSO) နှင့် အသစ်စုဆောင်းထားသော ရိုဟင်ဂျာများကို အရပ်သားများအား တိုက်ခိုက်ရန် နှင့် ရခိုင်၊ ရိုဟင်ဂျာမဟုတ်သူများ၊ မူဆလင်မဟုတ်သူများ၏ အိမ်များကို မီးရှို့ရန် ကြိုးကိုင်ခဲ့သည်။ ထို့နောက် တတိယအနေဖြင့် စစ်ကောင်စီသည် ULA ခေါင်း‌ဆောင်များနှင့် ရိုဟင်ဂျာမူဆလင်အသိုင်းအဝိုင်းကြားတွင် ပိုကြီးမားသော မယုံကြည်မှုနှင့် အကွဲအပြဲကို ဖန်တီးရန် ကြိုးပမ်းခဲ့သည်။ ထိုကဲ့သို့ လုပ်ဆောင်ရန် ရိုဟင်ဂျာလူငယ်များကို နောက်ကွယ်မှ ထောက်ပံ့၍ (သို့) အေအေကို ဆန့်ကျင်သော၊ စစ်ပွဲကို ဆန့်ကျင်သော ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင် နှင့် မြို့တော် စစ်တွေတို့တွင် လုပ်ဆောင်ခဲ့ပေသည်။

အဆိုပါ အဖြစ်သနစ်များမှ ရလာဒ်အဖြစ် စစ်ကောင်စီမှ အစပြုသော အေအေ နှင့် ရက္ခိုင်ဆန့်ကျင်ရေး လုပ်ရပ်များတွင် ရိုဟင်ဂျာမှုဆလင်များမှ ပါဝင်နေမှုကိုလည်း ပုံစံ (၃) ခုဖြင့် နားလည်နိုင်ပေသည်။ ပထမအနေဖြင့် မြောက်များစွာသော ရိုဟင်ဂျာလူငယ်များသည် ၎င်းတို့ ဆန္ဒကို ဆန့်ကျင်ပြီး အင်အားသုံး စုဆောင်းခံကြရပြီး၊ များစွာသော လူများကိုလည်း ရှေ့တန်းစစ်မျက်နှာများတွင် လုံလောက်သော စစ်ရေး လေ့ကျင့်မှု နှင့် လက်နက်၊ ပစ္စည်းမရှိဘဲ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း ခံကြရပေသည်။ ဤဇာတ်ကြောင်းသည်ပင် များစွာသော ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူများ နှင့် ၎င်းတို့၏ ထောက်ခံသူများမှ ဖော်ပြမြင့်တင်တတ်သော အမြင်ဖြစ်ပေသည်။

သို့သော် ရက္ခိုင်ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွင် ရိုဟင်ဂျာများ ပါဝင်ပတ်သတ်နေသော နည်းလမ်း (၂) ခုလည်း ရှိနေပါသည်။ ပထမ အနေဖြင့် ယခင်ရှိနှင်ပြီး ARSA နှင့် ARA တို့သည် မြန်မာစစ်တပ်နှင့် ပူးပေါင်းပြီး အေအေကို ဆန့်ကျင်တိုက်ခိုက်ရန် ရှိနှင့်ပြီး ကွန်ယက်များကို အသုံးပြုလုပ်‌ဆောင်နေပေသည်။ ၂၀၁၆ မှ စတင် ထွက်ပေါ်လာသော ARSA သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်တွင် မြန်မာစစ်တပ်ကို အပေါ်ယံ ဆန့်ကျင်သော အဖွဲ့ဖြစ်ပြီး၊ ARA သည် နတ်မြစ်တစ်လျှောက်ရှိ စစ်သွေးကြွအဖွဲ့သစ်တစ်ခုဖြစ်သည်။ သို့သော် ၎င်းအဖွဲ့များနှင့် စစ်ကောင်စီကြား ပူးပေါင်းဆောင်ရွက်မှုကို ဒေသခံလူထုနှင့် ရက္ခိုင်ပြည်အတွင်း စစ်မျက်နှာရှိ အဖြစ်သနစ်များက ဖော်ပြနေပြီး၊ အထူးသဖြင့် အေအေတပ်ဖွဲ့များနှင့် ARSA တို့ တိုက်ပွဲဖြစ်ပွားသောအခါ စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူပေးလေ့ ရှိသည်။ ဧပြီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော RFA သတင်းတစ်ခုတွင် ရိုဟင်ဂျာရွာသား တစ်ဦးမှ

‘မြန်မာစစ်တပ်သည် ARSA နှင့် ပူးပေါင်းပြီး အေအေကို တိုက်နေကြတယ်။ အေအေ တပ်သားနှစ်ယောက် ဒါဏ်ရာ ရပြီး၊ တခြားတဖက်က ခြောက်ယောက်‌လောက်သေတယ်။ စစ်ကောင်စီက လှေတစ်စီးကို လက်နက်ကြီး လှမ်းပစ်ပြီး၊ ရိုဟင်ဂျာ ၂၅ ဦးလောက် သေသွားတယ်’ ဟု ဆိုသည်။

မကြာသေးမီကလည်း အင်အားချိနဲ့၊ ကွဲပြဲနေသော တပ်ဖွဲ့ဟောင်း RSO သည် ၎င်း၏ အဖွဲ့ဝင်များမှ ပြန်လည်ထူထောင်ဖို့ ကြိုးဖမ်းသည်နှင့် စစ်ကောင်စီနောက်ခံထားသော လမ်းကြောင်းကို လိုက်လာပေသည်။

ဒုတိယအနေဖြင့် နိုင်ငံတကာမှ လေ့လာသုံးသပ်သူများသည် မြန်မာစစ်တပ်ကို “ဂျင်နိုဆိုက်ကျုးလွန်သူ” နှင့် ရိုဟင်ဂျာများကို “ဂျင်နိုဆိုက်မှ လွတ်မြောက်လာသူ” များအဖြစ်မြင်ကြသော်လည်း နိုင်ငံတွင်း တခြားသော လူမျိုး၊ အသိုင်းအဝိုင်းတိုင်းကဲ့သို့ပင် ဒေသခံများ၏ အကျပ်အတည်းများကြားထဲမှ အမြတ်ထုတ်နေသော မြန်မာစစ်တပ်ထောက်ခံသူ ရိုဟင်ဂျာ အုပ်ချုပ်ရေးမှူးများ၊ နှင့် စီးပွါးရေးသမားများလည်း ရှိနေသည်ကို ဂရုပြုရန် အရေးကြီးလှပါသည်။ ရက္ခိုင်ပြည်ထဲတွင်ပင် အေအေ၏ လှုပ်ရှားမှု ကြီးထွားကျယ်ပြန့်လာသည်နှင့် အမျှ စစ်တွေရှိ စစ်ကောင်စီ အာဏာပိုင်များသည် ရန်ကုန်မြို့နှင့် ကုန်သွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရက္ခိုင်စီးပွါးရေးသမားများကို ပို၍ ကန့်သတ်လာသည်။ ထိုအစား  အသိုင်းအဝိုင်း နှစ်ခုကြားတွင် အန္တရာယ်များ “ခွဲခြား၊ ဖယ်ချန်သော’ စီးပွါးရေးမှု မူဝါဒဖြစ်သော စစ်ကောင်စီလိုလားသော ရိုဟင်ဂျာများကိုသာ ပို၍ လိုလားစွာ စီးပွါးရေးလုပ်ပိုင်ခွင့်ပေးနေသည်ဟု ဆိုသည်။ အမှန်ပင်  ရိုဟင်ဂျာလူငယ်များကို အဓမ္မနည်း၊ စည်းရုံးလှုံဆော်ခြင်းနည်း နှင့် မတ်လုံးများပေး၍ စစ်ကောင်စီအတွက် တပ်သားစုဆောင်းခြင်း နှင့် အေအေဆန့်ကျင်သော ဆန့်ကျင်ဆန္ဒပြမှုများကို ဦးဆောင်စုရုံးခြင်းများကို လုပ်ဆောင်သူများသည် ၎င်းတို့ပင် ဖြစ်ပေသည်။

ထို့ကြောင့် တဖက်တွင် အထက်လုပ်ရပ် (၃) မျိုး စလုံးသည် ရိုဟင်ဂျာအသိုင်းအဝိုင်းနှင့် အကျိုးစီးပွါးကို ကိုယ်စားပြုသည်ဟု ယူဆရန် ခက်ခဲပြီး မြေပြင်အခြေအနေတွင် ULA/AA ကို‌ထောက်ခံသော ရိုဟင်ဂျာများလည်း ရှိနေပါသည်။  အမှန်ပင် မတ်လ (၆) ရက်နေ့တွင် ULA/AA ပြောခွင့်ရပုဂ္ဂိုလ် မှ ၎င်းတို့အနေဖြင့် စစ်ကောင်စီ၏ တပ်သားစု‌ဆောင်းမှုမှ ထွက်ပြေးလာသော ရိုဟင်ဂျာလူငယ်များကို ကာကွယ်နေသည်ဟု ဆိုသည်။ တဖက်တွင် ဧပြီ (၂၉) ရက်နေ့တွင် DVB မှ အေအေသည် ရိုဟင်ဂျာများကို အတင်းအဓမ္မလူသစ်စုဆောင်းရာတွင် ပါဝင်သည်ဟု ဆိုသည်။ သို့သော် ULA မှ ငြင်းဆိုပြီး၊ ARSA, ARA နှင့် RSO ကဲ့သို့ လက်နက်ကိုင်အုပ်စုများကသာ ULA အမည်ကို အသုံးချပြီး လိမ်လည်ကာ ဘဂ်လားဒေချ့်နိုင်ငံ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာလူငယ်များကို စုဆောင်းနေခြင်းဟု ဆိုသည်။ မည်ကဲ့သို့ စွပ်စွဲမှုများပင် ရှိနေပါစေ ထင်ရှားနေသည်မှာ  ရက္ခိုင်နယ်စပ်ဒေသတလွှားတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ ဆက်လက်ပျံနှံနေခြင်း နှင့် အရပ်သားများကို အဓမ္မတပ်သားစုဆောင်းခြင်းသည် မတည်ငြိမ်မှု နှင့် အကွဲအပြဲ သံသရာသစ်ကို ဖြစ်လာစေပါသည်။

အဆိုပါ ကိစ္စသည်ပင် တဖက်မှာ ရိုဟင်ဂျာအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းမည့် မည်သည့်အစီအစဥ် အတွက်မဆို အရေးကြီးသော ဇာတ်ကောင်တစ်ခုဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အခန်း ကဏ္ဍ ကို ပို၍ ထင်ရှားစေပါသည်။ သီအိုရီ နှင့် လက်တွေ့အရဆိုရင် ရိုဟင်ဂျာများ ပြန်လည်လက်ခံရေးကို ဖြေရှင်းဖို့အတွက် ငြိမ်းချမ်းပြီး တည်ငြိမ်သော နယ်စပ်ဒေသတစ်ခုကို လိုလားကောင်း လိုလားနိုင်ပေသည်။ အစိုးရအရာရှိများ မှလည်း နယ်စပ်ဒေသတွင် ဒုက္ခသည် ၁ သန်းကျော် နှင့် မူးယစ်ဆေးဝါးပျံနှံလာမှုသည် ဘင်္ဂလားဒေ့ရှ် လူ့အဖွဲ့အစည်းအတွက် ကြီးမားသော စိန်ခေါ်မှုကို ဖြစ်စေသည်ဟု ဆိုသည်။

သို့သော် လက်တွေ့ မြေပြင်အခြေအနေများတွင် ရိုဟင်ဂျာကိစ္စနှင့် နယ်စပ်ဒေသကိစ္စများကို ကိုင်တွယ်နေရသော စစ်ထောက်လှမ်းရေး (DGFI)၊ အမျိုးသားထောက်လှမ်းရေး (NSI) နှင့် နယ်ခြားစောင့်တပ် (BGB) စသော လုံခြုံရေးအေဂျင်ဆီ အမျိုးမျိုးကြားတွင် အာဂျင်ဒါနှင့် အကျိုးစီးပွားများ ရှုပ်ထွေးမှုရှိနေသည်။ နေစဥ်ပြဿာနာ များဖြစ်သော ဒုက္ခသည်အရေး နှင့် နယ်စပ်ဒေသ မတည်ငြိမ်မှုများကြားတွင် အရာရှိများသည်လည်း ရေရှည်အဖြေရှာမှုထက် လုံခြုံရေးပြဿနာများအပေါ်တွင်သာ အာရုံစိုက်မှုများ ရှိနေကြသည်။ ရလဒ်အနေဖြင့် လေ့လာသုံးသပ်သူများမှ  ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် လိုအပ်နေသောအချိန်တွင် ရိုဟင်ဂျာလူထုကြား ဒေသခံများကြား ကိုယ်စားပြုသော ရိုဟင်ဂျာ ခေါင်းဆောင်မှုတစ်ခု ဖန်တီးရန် ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။ ‘မဟာဗျူဟာလေ့လောရေး နိုင်ငံတကာအင်စတီကျု’ (IISS) မှ ၂၀၂၃ ခုနှစ် နှောင်းပိုင်းထုတ် ‌လေ့လာချက်တစ်ခုအရဆိုလျှင် ‘ဘင်္ဂလာအစိုးရမှ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့များကို နည်းဗျူဟာ အားဖြင့်လည်းကောင်း၊ နှုတ်ဆိတ်ခြင်းအားဖြင့်ကောင်း  ထောက်ခံအားပေးခဲ့ခြင်းသည် ပို၍ တရားနည်းလမ်းကျ မျှတပြီး၊ အကြမ်းမဖက်သော ရိုဟင်ဂျာခေါင်းဆောင်မှုတစ်ခု ပေါ်ထွက်လာစေဖို့အစား ရိုဟင်ဂျာလက်နက်ကိုင် တပ်ဖွဲ့များ ခေါင်းထောင်လာရေးကိုသာ ပို၍ ဖြစ်စေခဲ့ပေသည်’ ဟူ၍ ဖြစ်သည်။ ပို၍ သိသာသည်မှာ လွန်ခဲ့သော နှစ်ကဆိုလျှင် လူရိုသေ ထောက်လှမ်းရေးအရာရှိတစ်ယောက် သတ်ဖြတ်ခံရပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ဒုက္ခသည်စခန်းထဲတွင် ARSA လွှမ်းမိုးမှုကို ပယ်ဖျက်ပြီး၊ RSO ပြန်လည် ကြီးထွားလာစေရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များမှ ထောက်ခံအားပေးခဲ့ပေသည်။

၂၀၂၄ ခုနှစ် ပထမ လပိုင်းများအတွင်း မောင်တော နှင့် ဘူးသီးတောင်မြို့နယ်များတွင် နိုင်ငံရေးနှင့် ပဋိပက္ခအခြေအနေများ ပို၍  မတည်မငြိမ်ဖြစ်လာသည်နှင့်အမျှ အဆိုပါ အမြင်များသည် ပို၍ သင့်လျော်မှု ဖြစ်လာသည်။ဒေသတွင်း သတင်းအရင်းအမြစ်များအရဆိုလျှင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်များကို တပ်သားသစ်စုဆောင်းမှုသည် နည်းမလာဘဲ၊ ပို၍သာ များပြားလာသည်ဟု ဆိုသည်။ မေ လ (၇) ရက်နေ့တွင် ဒါကာထရီဗျူး (Dhaka Tribute) သတင်စာ၏ ဖော်ပြချက်အရဆိုလျှင် RSO နှင့် ARA ကဲ့သို့ လက်နက်ကိုင်အုပ်စုနှစ်ခုသည် ဘင်္ဂလာရဲတပ်ဖွဲ့များ ရှိနေသည့်ကြားမှ ရိုဟင်ဂျာဒုက္ခသည်များကို အင်အားသုံးစုဆောင်းရန် ကြိုးဖမ်းနေသည်ဟု ဆိုသည်။ နောက်တစ်ရက်နေ့မှာပင် RFA သတင်း၏ အဆိုအရ ဒုက္ခသည် ၅၀၀ (ငါးရာ) ခန့်သည် ARSA နှင့် RSO ထံတွင် တာဝန်ထမ်းဆောင်ရန်အတွက် စုဆောင်းခံလိုက်ရပြီဟု ဆိုသည်။ RSO မှ အဆိုပါ စွပ်စွဲချက်ကို ငြင်းဆိုသော်လည်း ကနဦးသတင်းများအရ ဘင်္ဂလားဒေ့ရှ် အာဏာပိုင် များသည် ARA နှင့် RSO တို့ကို အေအေ နှင့် ပူးပေါင်းစေလိုသည်ဟု ဆိုသည်။ ထိုကဲ့သို့ သတင်းထွက်ပေါ်မှုများသည် အတည်ပြုရန် ခက်ခဲနေဆဲဖြစ်ပြီး၊ ဒုက္ခသည်စခန်းပတ်ဝန်းကျင်တွင်တော့ ‘ကြောက်ရွံ့မှု နှင့် မသေချာမှု’ သာ လွှမ်းမိုးနေတော့သည်။

နိဂုံးချူပ်အနေဖြင့် ပြောရလျှင် ယခုကဲ့သို့ လွန်စွာ ထိလွယ်ရှလွယ်ဖြစ်သော အနေအထားတစ်ခုတွင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ ရပ်တည်ချက်ကို သတိထားစောင့်ကြည့်ရန်မှာ အရေးကြီးလှပါသည်။ အမှန်တကယ် အဖြစ်သနစ်များသည် ရက္ခိုင်ပြည်တွင် ဖြစ်နေခြင်းဖြစ်သည်။ စစ်ကောင်စီနှင့် ၎င်းတို့ကို လိုလားသော ရိုဟင်ဂျာအုပ်စုများ၏ လုပ်ရပ်ကို ရှုတ်ချရန် အရေးကြီးလှသလို သတ်ဖြတ်မှု နှင့် စစ်ပွဲများ ဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံ‌ ဒုက္ခသည်စခန်းမှ အပြစ်မဲ့ ပြည်သူများနှင့် ရက္ခိုင်ပြည်ထဲရှိ စစ်ပွဲဇုံများမှ အပြစ်မဲ့ ပြည်သူများ၏ အသက်ကို ကာကွယ်ပေးရန် အရေးကြီးလှပါသည်။ လူ့အခွင့်အရေးကို လူတိုင်းအတွက် အဖွဲ့အစည်းအားလုံးမှ ကာကွယ်စောင့်ရှောက်ရန် အရေးကြီးလှပါသည်။

ဘူးသီးတောင် အဖြစ်အပျက်နှင့် အသိုင်းအဝိုင်းများကြား အကြမ်းဖက်မှုဆိုင်ရာ မေးခွန်း

ဘူးသီးတောင်သည် အေအေမှ ပထမဆုံးအကြိမ်သိမ်းပိုက်ရရှိသော ရိုဟင်ဂျာအများစုမြို့ဖြစ်ပြီး၊ ရက္ခိုင် စစ်မြေပြင်၌ ဒသမအကြိမ်မြောက် မြို့ဖြစ်သည်။ တချိန်တည်းမှာပင် တိုက်ပွဲများကြောင့် ဒုက္ခသည်များမှ ထွက်ပြေးတိမ်း‌ရှောင်ရသူများ များပြားခြင်းနှင့် အတူ ရက္ခိုင်ပြည်အတွင်း စကခ (၁၅) နှင့် လက်အောက်ခံ တပ်ရင်း (၁၁) ခုအထက် စစ်ကောင်စီတပ်များ အများဆုံးစုဝေးရာ ဒေသတစ်ခု ဖြစ်နိုင်ပေသည်။ သို့သော် မြို့ကို မေလ (၁၇) ရက်နေ့ အေအေမှ မထိမ်းချူပ်ခင် ရခိုင်၊ ခမီး၊ ဟိန္ဒီ နှင့် တခြားသော မူဆလင်မဟုတ်သူများ၏ အိမ်များ မီးရှို့ခံခဲ့ရပြီး၊ အရေအတွက်မှာ ၅,၀၀၀ လောက်ရှိသည်ဟု ဆိုပြီး၊ ကျူးလွန်သူများမှာ မြန်မာစစ်တပ်မှ လေ့ကျင့်လက်နက်တပ်ဆင်ပေးထားသော ARSA နှင့် တခြားသာ မူဆလင်တပ်ဖွဲ့များ ဖြစ်သည်။ ပဋိပက္ခတင်းမာမှုများမှာ အမှန်တကယ်ပင် မြင့်တက်နေပေသည်။

အသိုင်းအဝိုင်းများကြားဆက်ဆံရေးတင်းမာမှုများမှာ မေလ ၁၇ ရက်နေ့ည၌ အေအေတပ်ဖွဲ့ဝင်များမှ မြို့ကို ထိမ်းချုပ်ရန် ကြိုးဖမ်းစဥ်အတွင်း မြို့တွင်းရှိ ရိုဟင်ဂျာအိမ်များ မီးလောင်သွားသည့်အခါ ပိုကြီးမားသော စိန်ခေါ်မှု နှင့် အငြင်းပွါးဖွယ်ရာများဖြင့် ကြုံလာရပေသည်။ ထိုအချိန်မှစ၍ အာရက္ခပြည်အတွင်း နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်း၏ အကွဲအပြဲကို ထင်ဟပ်နေသော အဆိုပါ အဖြစ်သနစ်နှစ်နှင့် ပတ်သတ်၍ လွန်စွာကွဲပြားသော ဇာတ်ကြောင်းနှစ်ခု ပေါ်ထွက်လာပေသည်။

ပထမဇာတ်ကြောင်းကို ULA/AA မှ ဖော်ပြပြီး ၎င်းတို့အနေဖြင့် မြို့ကို မသိမ်းပိုက်ခင်မှာ ကြိုတင်သတိပေး ချက်များ နှင့် အချက်ပြမှုများ လုပ်‌ဆောင်ခဲ့ပြီး၊ ရိုဟင်ဂျာအိမ်များ မီး‌လောင်ခဲ့ခြင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်များမှ ဆုတ်ခွာစဥ် မီးရှို့ခဲ့ခြင်း နှင့် မြန်မာစစ်တပ်သည် လေကြောင်းမှ အဆက်မပြတ် ရှည်ကြာစွာတိုက်ခိုက်ခဲ့သောကြောင့်ဖြစ်သည်ဟု ဆိုသည်။ အိမ်များကို မီးရှို့ခြင်းသည် နိုင်ငံတဝှမ်းလုံးတွင် အတိုက်အခံအုပ်စုများကို ချေမှုန်းရာတွင် “ရှင်းလင်းရေး စစ်ဆင်းရေး” အတွင်း မြန်မာစစ်တပ်၏ လုပ်နေကျ နည်းလမ်းတစ်ခုဖြစ်ပေသည်။ မကြာသေးခင်က ဇွန် (၃) ရက်၊ ၂၀၂၄ ခုနှစ် အင်တာဗျူးတစ်ခုတွင် ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ကြိုတင်သတိပေးခြင်းလုပ်ငန်းကို ULA အုပ်ချုပ်ရေးအဖွဲ့ဝင် မူဆလင်အရာရှိများမှ ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ အိမ်များ မီးရှို့ခံရမှုနှင့် ဆက်စပ်လျှင် ၎င်းမှ မေလ (၁၇) ရက်နေ့ အေအေမှ မြို့ကို မသိမ်းပိုက်ခင်ထိ ရိုဟင်ဂျာမဟုတ်သူများ၏ နေအိမ် ၂,၃၂၂ အိမ် မီးရှို့ခံလိုက်ရပြီး၊ လက်နက်ကိုင်တိုက်ပွဲများကြောင်းသာ ရိုဟင်ဂျာအိမ် ၅၀၀ လောက် ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

ဆန့်ကျင်ဖက်အနေဖြင့် ဒုတိယဇာတ်ကြောင်းတစ်ခုကို ပြည်ပရောက် ရိုဟင်ဂျာတက်ကြွလှုပ်ရှားသော အဖွဲ့များမှ ဖော်ပြထားသည်မှာ အေ‌အေသည် နောက်ဆုံးထွက်ခွါရမည့် အချိန်မတိုင်ခင် မြို့ကို တိုက်ခိုက်ပြီး၊ ထိုကဲ့သို့ တိုက်ခိုက်စဥ်အတွင်း အေအေတပ်ဖွဲ့ဝင်များသည် ရိုဟင်ဂျာအိမ်များကို မီးမရှို့ခင် ပစ္စည်းများကို လုယူခဲ့သည်ဟု ဆိုသည်။ ထပ်မံ၍ ပြည်ပရောက်အဖွဲ့များ၏ ထုတ်ပြန်ချက်ထဲတွင် အေအေအား အတင်းအဓမ္မ လူသစ် စုဆောင်းခြင်း၊ လူသားဒိုင်းကာလုပ်ခြင်း၊ အစလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ နှင့် မီးရှို့ခြင်းတို့အပါအဝင် အေအေမှ ငြင်းဆိုသော တခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို ဖော်ပြထားသည်။ ထို့အပြင် ဘူသီးတောင်ဖြစ်စဥ်နှင့် ပတ်သတ်ပြီး ပြည်တွင်းနှင့် ပြည်ပအဖွဲ့အစည်းများဖြစ်သော UN အေဂျင်စီများ၊ သံရုံးများ၊ အစိုးရချင်းအဖွဲ့အစည်းများ (IGO) နှင့် နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs/NGOs) မှ လျှင်မြန်စွာ ထုတ်ပြန်ချက်များကို ပြုလုပ်ခဲ့သည်။

လက်ရှိကာလတွင် အသေးစိတ်အချက်အလက်များနှင့် ကွာခြားချက်များကို သိရှိရန် ခက်ခဲပေသည်။ မြို့ပြဒေသ တစ်ခုအတွင်း အဖွဲ့အစည်းများစွာ ပါဝင်နေသော အချိန်မှာ အရပ်သားများဩ ဘဝ၊ အိမ် နှင့် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှုများအတွက် လက်သေတရားခံရှာရသည်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ သို့သော် အဆိုပါ ထုတ်ပြန်ချက်များကြား သဘောတရားကို ကြည့်ရှု့ခြင်းအားဖြင့် အမေရိကန် နှင့် ဥရောပ နိုင်ငံ သံရုံးများမှ ထုတ်ပြန်ချက်များသည် ဖြစ်လာနိုင်မည့် အခြေအနေများ၏ ရှပ်ထွေးမှုများကို နားလည်ရန် ကြိုးဖမ်းရာတွင် များသောအားဖြင့် အပြုသဘောဆောင်၊ သံတမာန်ဆန်ပြီး၊ UN အေဂျင်စီများ၊ အစိုးရချင်းအဖွဲ့အစည်းများ (IGO) နှင့် နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs/NGOs) မှ ထုတ်ပြန်ချက်သည် ၎င်းတို့အနေဖြင့် အချက်အလက်အမှန်ဟု ယူဆသည်များကို ပို၍ မာန်တင်းကာ၊ ယုံကြည်မှုပြည့်လျှံစွာဖြင့် ထုတ်ပြန်ထားကြသည်ကို တွေ့ရှိရပါသည်။ ပို၍ ထင်ရှားသည်မှာ ယခုကဲ့သို့ အရှုပ်ထွေးဆုံးသော ပဋိပက္ခဝန်းကျင်တစ်ခုကို ပို၍ နားလည်သိရှိနိုင်ရန် စူးစမ်းစီစစ်မှုများ လုပ်ရန် ပို၍ လိုအပ်နေသေးပြီး၊ နိုင်ငံတကာလူအခွင့်အရေးစံနှုန်းများဖြင့် ပွင့်လင်းမြင်သာ၊ ကန့်သတ်မထားသော၊ လွတ်လပ်သော ထိတွေ့မှုများ ရှိရန်လည်း အရေးကြီးလှပါသည်။

အကျပ်အတည်းကို ပို၍ ကြီးထွားစေသည်မှာ အင်တာနတ်နှင့် ဖုန်းလိုင်းဖြတ်တောက်မှုများသည် စွပ်စွဲမှုများကို စုံစမ်းရန်နှင့် အရေး‌ပေါ်ကိစ္စရပ်များကို ကိုင်တွယ်ဖော်ထုတ်ရာတွင် ရှုပ်ထွေးမှုကို ပို၍ ဖြစ်စေပါသည်။ ထိုကဲ့သို့ သက်ရောက်မှုများမှာ ပို၍ ကြီးမားသည်မှာ ၁၉၄၂ နှင့် ၂၀၁၂ ကဲ့သို့ ရက္ခိုင်ပြည်တွင်း အသိုင်းအဝိုင်းများကြား အကြမ်းဖက်မှုများ နောက်တစ်ကြိမ်ကြုံလာရနိုင်ဖွယ်နှင့် ဆက်စပ်ပြီး နိုင်ငံတကာလေ့လာသူများမှ သတိပေးရလောက်အောင်ထိ ကြီးမားနေသည်။ အဆိုပါ အနေအထားကို မေလ (၁၀) ရက်နေ့၊ ‘နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့’ (ICG) ၏ လေ့လာချက်ထဲဝွင် တွေ့မြင်နိုင်ပေသည်။ အဆိုပါ ထုတ်ပြန်ချက်သည် အချိန်မှန်ဖြစ်သော်လည်း ပဋိပက္ခမျက်နှာစာအတွင်း ဒေသတွင်းအခြေအနေများကို မှန်ကန်လုံလောက်စွာ လေ့လာရန် လိုအပ်နေသေးသည်။ ဒေသခံလူထု၏ (၈၀) ရာခိုင်နုန်းနီးပါးသည် အင်တာနတ်ပြတ်တောက်နေရာ၊ စွပ်စွဲချက်၊ အပြန်အလှန် ငြင်းခုံချက်များမှာ ပေါများလှပြီး၊ လူမှုမီဒီယာထက်ရှိ ဆန့်ကျင်ဖက် ဝေဖန်ပြောကြားမှုများကို အခြေပြုပြီး မြေပြင်အခြေအနေမှန်ကို ကောက်ချက်ဆွဲ သုံးသပ်ရန် ခက်ခဲလှပါသည်။ အထူးသဖြင့် အသိုင်းအဝိုင်းများကြား ပဋိပက္ခကို လျှင်မြန်စွာ မီးထိုးပေးနိုင်သော ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်နှင့် ရက္ခိုင်ပြည်မြောက်ဖက်ဒေသတစ်လွှားတွင် လူမျိုးစု-နိုင်ငံရေး အခြေအနေများကို စုံစမ်းရေးသားရာတွင် စုစည်းမှု အားကောင်းရန် လွန်စွာ လိုအပ်လှပေသည်။

လက်ရှိကာလတွင် ပို၍ အပြုသဘောဆောင်သော အမြင်ကို အခြေပြု၍ အချက် (၄) ခုကို အခြေပြုကာ လက်ရှိအကျပ်အတည်းအတွင်း အသိုင်းအဝိုင်းများကြားအကြမ်းဖက်မှုသည် နောက်တစ်ကြိမ်ဖြစ်ပေါ်နိုင်မှုသည် ဖြစ်နိုင်ခြေနည်းပါးသည်ဟု ဆိုနိုင်ပါသည်။ ပထမတစ်ခုမှာ ယခင် TNI လေ့လာချက်တစ်ခုမှာ ဖော်ပြထားသကဲ့သို့ လွန်ခဲ့သော ဆယ်စုနှစ်ဝန်းကျင်ကာလတွင် ‘ရခိုင်လူမျိုးစု အမျိုးသားရေးဝါဒ’ ဗမာလူမျိုး နှင့် ရိုဟင်ဂျာအသိုင်းအဝိုင်းများကို မုန်းတီး၊ ရန်လိုခြင်း နှင့် လူနည်းစုများကို ခွဲခြားဆက်ဆံခြင်း ဟူသော ‘အမှောင်ဖက်ခြမ်း’ မှ ရက္ခိုင်ပြည်တွင်း လူတိုင်းအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အချုပ်အချာအာဏာပိုင်ဆိုင်မှု ရပိုင်ခွင့်အတွက် တောင်းဆို တိုက်ပွဲဝင်လိုသော ရခိုင်လူမျိုးများအတွင်း စိတ်ထားနှင့် သဘောတရားများကဲ့သို့ ‘အလင်းဖက်ခြမ်း’ သို့ ကူးပြောင်းနေပေသည်။ ထိုကဲ့သို့ သဘောတရားများသည် နိုင်ငံရေးခေါင်း‌ဆောင်များနှင့် လူလတ်တန်းစားကြားတို့တွင် ပို၍ ထင်ရှားလာပေသည်။

ဒုတိယအချက်အနေဖြင့် လက်ရှိ မြန်မာပြည်အပြောင်းအလဲကာလတွင် အာဏာ နှင့် သြဇာ နှစ်ခုစလုံးကို ပိုင်ဆိုင်ထားသော ULA ခေါင်းဆောင်များသည် ရက္ခိုင်ပြည်တွင် နောက်ထပ် လူ့အသိုင်းအဝိုင်းများကြား ပဋိပက္ခဖြစ်လာမည်ကို မလိုလားကြပေ။ လူ့အခွင့်အရေးများကို ကာကွယ်‌စောင့်‌ရှောက်ခြင်းတို့အပြင် ၎င်းတို့၏ အကျိုးစီးပွါးနှင့် ပုံရိပ်ကို ထိခိုက်မှုကို ဖြစ်စေပေလိမ့်မည်။ အနာဂတ်မည်သည့် အခင်းအကျင်းအောက်တွင်မဆို အသိုင်းအဝိုင်းများကြား အကြမ်းဖက်မှု ဖြစ်လာပါက ရခိုင် နှင့် ရိုဟင်ဂျာအသိုင်းအဝိုင်းတို့ကြားတွင် လွန်စွာကွဲပြဲသော ဆက်ဆံရေးတစ်ခု ပေါ်ပေါက်လာပြီး၊ ထိုအခြေအနေအောက်တွင် ဘက်မလိုက်သော အာဏာပိုင်တစ်ခုအနေဖြင့် ဆောင်ရွက်ရန် ပို၍ ခက်ခဲလာပေလိမ့်မည်။ အကယ်၍ ULA သည် ရိုဟင်ဂျာများကို ဆန့်ကျင်ပြီး၊ ရခိုင်လူမျိုးများအရေးကိုသာ ဖော်ဆောင်နေသည်ဟု မြင်ပါက နိုင်ငံတကာအသိုင်းအဝိုင်းကြား လက်ခံမှု နှင့် ရက္ခိုင်ပြည်တွင် လူမျိုးများကြားတွင် ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲမည်ဖြစ်သည်။ တပြိုင်နက်တည်းတွင် အကယ်၍ ULA သည် ရခိုင်ထက် ရိုဟင်ဂျာများကိုသာ ကာကွယ်ပေးနေသည်ဟု မြင်ပါက ထိုလုပ်ရပ်သည်ပင် အဖွဲ့အစည်း၏ ရခိုင်လူမျိုးများကြား ကျော်ကြားမှု နှင့်‌ ထောက်ခံမှုကို တိုက်ရိုက် ထိခိုက်စေပါလိမ့်မည်။ အချုပ်အားဖြင့်ဆိုသော် ULA ခေါင်းဆောင်များအနေဖြင့်  နောက်ထပ် အသိုင်းအဝိုင်း များကြားအကြမ်းဖက်မှု မဖြစ်စေရန် ကျင့်ဝတ်နှင့် မဟာဗျူဟာမြောက်အကျိုးစီးပွါးအရပါ အရေးကြီးနေသည်။

တတိယအချက်အနေဖြင့် လူမှုနိုးကြားမှု နှင့် သတိတရားတို့မှာ ရခိုင် နှင့် ရိုဟင်ဂျာအသိုင်းအဝိုင်းနှစ်ခုစလုံးကို အသိုင်းအဝိုင်းများကြား အကြမ်းဖက်မှု ဖြစ်ပွါးမှုမှ တားဆီးပေးနိုင်ပေသည်။ ထိုအရာသည် လွန်ခဲ့သော နှစ်များအတွက် ULA ‌ခေါင်းဆောင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ လူမှုသဟဇာဖြစ်ရေး ကြိုးပမ်းအားထုတ်မှု၏ ထိရောက်သော ရလဒ်ဖြစ်ပေသည်။ ယနေ့ခေတ်ရက္ခိုင်ပြည်တွင်  အကယ်၍ အသိုင်းအဝိုင်းများကြား အကြမ်းဖက်မှုဖြစ်လာပါက နှစ်ဖက်စလုံးသည် အပြန်အလှန်ဖျက်ဆီးခြင်းဖြင့်သာ အဆုံးသတ်သွားနိုင်ပြီး၊ နယ်မြေတွင်း ဘုံရန်သူ မြန်မာစစ်တပ်နှင့် စစ်ကောင်စီအာဏာပိုင်များကိုသာ အကျိုးဖြစ်ထွန်းစေလိမ့်မည်ဆိုသည်မှာ လူတိုင်းနားလည်သည့် ကိစ္စဖြစ်ပေသည်။ လူမျိုးတိုင်းမှ နားလည် ထားသည်မှာ ထိုကဲ့သို့ အကွဲအပြဲဇာတ်ကြောင်း၊ အဖြစ်အပျက်သည် မင်းအောင်လှိုင်နှင့် တခြားသော စစ်ခေါင်းဆောင်များမှ ဖြစ်စေချင်သော ‌ရှေ့လုပ်ငန်းစဥ်ဖြစ်သည် ဟူသော အမြင်ပင်ဖြစ်သည်။

နောက်ဆုံးအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ရပ်တည်ချက် အမြင်များမှာ သက်ရောက်မှုရှိနေပါသည်။ ၁၉၄၂ နှင့် ၂၀၁၂ အခင်းအကျင်းတို့နှင့် မတူဘဲ ဒေသတွင်းနှင့် နိုင်ငံတကာလေ့လာသူများ၊ သက်ရောက်သူများမှ ယခုအခြေအနေကို ကောင်းစွာ သဘောပေါက်ထားကြပေသည်။ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ကြီးထွားလာ သည်နှင့် ၎င်းတို့၏ ကြိုတင်သတိပေးချက်များ၊ ဟန့်တားမှုများမှာ ဒေသတွင်း အသိုင်းအဝိုင်းများကြား အကြမ်းဖက်မှု မဖြစ်စေရေးအတွက် အပြုသဘောဆန်စွာ သက်ရောက်မှု ရှိနေပါသည်။ လွတ်မြောက်မှုအတွက် တိုက်ပွဲများမှာ ရက္ခိုင်ပြည်တွင်းသာမက မြန်မာပြည်၏ ပြဿနာအတိတ်ကို ချန်ထားပြီး ရှေ့ဆက်ရန်၊ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ရန် လူငယ်များမှလည်း ဆုံးဖြတ်ထားကြပေသည်။

သို့သော်  သတိလက်လွတ်ဖြင့် မေ့လျှော့နေရန် မဖြစ်သင့်ဘဲ၊ လာမည့် ရက် နှင့် အပတ်များတွင် မည်ကဲ့သို့ ဖြစ်လာမည်ကို မသိသေးသော ‘မသိကိန်း’ (X factor) များလည်း အများအပြားရှိနေပေသည်။ စစ်ကောင်စီသည် ၎င်းတို့ ထိမ်းချူပ်မှု လျော့နည်းလာသည်နှင့် အမျှ မည်ကဲ့သို့ နည်လမ်းများကို အသုံးပြုပြီး အသိုင်းအဝိုင်း များကြား အကြမ်းဖက်မှုကို စတင်နိုင်မည်မှာ စောင့်ကြည့်ရန် လိုအပ်နေသေးသည်။ မကြာသေးခင်းက စစ်ကောင်စီနောက်ခံထားသော လက်နက်ကိုင်ရိုဟင်ဂျာများအပြင် ARSA, ARA နှင့် ဘင်္ဂလားဒေ့ရှ်မှ နောက်ခံထားသော RSO တို့၏ မကြာသေးခင်က လုပ်ဆောင်ချက်များမှာ အဆိုပါ ကွဲပြဲစေသော လုပ်ရပ်များ၏ အထောက်အထားများဖြစ်သည်။ ပို၍ နိုင်ငံရေးအားဖြင့် ရှုပ်ထွေးသောဝန်းကျင်တစ်ခုသည် မောင်တော နှင့် ဘူးသီးတောင် ဒေသတွင် စတင်ထွက်ပေါ်လာနေသည်။

တချိန်တည်းမှာပင် ရက္ခိုင်ပြည်တွင်း အေအေကို တိုက်ခိုက်ရန် ရိုဟင်ဂျာလူငယ်များကို RSO  မှ လူသစ် စုဆောင်းသည့် လုပ်ရပ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ နောက်ခံပေးနေခြင်းသည်လည်း ရက္ခိုင်ပြည်သူများကို ပို၍ စိတ်သောက ရောက်စေသည်။ လက်ရှိကာလတွင် ပြည်ပရောက် ရိုဟင်ဂျာအဖွဲ့များ၏ ‘မေလထုတ်ပြန်ချက်’ အရ မည်သည့် RSO, ARSA, ARA အဖွဲ့မှ ရိုဟင်ဂျာအသိုင်းအဝိုင်းကို ကိုယ်စားမပြုဟူသော အချက်ကို သတိပြုရန် လိုအပ်ပါသည်။ ပို၍ အရေးကြီးသည်မှာ မေလ (၃၀) ရက်နေ့တွင် AFP ၏ ထုတ်ပြန်ချက်အရ RSO တပ်ထဲသို့ ဝင်ရန် ငြင်းဆိုသောကြောင်း ‘ကုတုပလောင် ဒုက္ခသည်စခန်း’ တွင် ဆရာ နှင့် ကျောင်းသားတစ်ယောက်ကို သေနတ်သမားတစ်ယောက်မှ သတ်ဖြတ်ခဲ့ခြင်းမှာ စိုးရိမ်မှုများကို ပို၍ မြင့်တက်လာစေပေသည်။

သို့ပေသော်ငြားလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒုက္ခသည်စခန်း နှင့် ရက္ခိုင်ပြည်တွင်း နှစ်ခုလုံးရှိ သာမာန်ရိုဟင်ဂျာလူထုအပေါ်တွင် ဒါကာအစိုးရ ၏ မူဝါဒများမှာ မည်မျှအတိုင်းအတာထိ လွမ်းမိုးမှု ရှိနိုင်မည်နည်းဟူ သည်မှာ အနည်းငယ်စောင့်ကြည့်ရန် အရေးတကြီး လိုအပ်နေပါသေးသည်။ အနာဂတ်တွင် မှန်းဆရန် ခက်ခဲသော အချိန်များရှိနေသေးသလို၊ (၆) လ ခန့် ပြင်းထန်သော တိုက်ပွဲများကို ရင်ဆိုင်ရပြီးနောက် လူ့အသိုင်းအဝိုင်းတိုင်းမှ ဒေသခံလူထုသည် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် အရေးပေါ်လိုအပ်မှု ဝန်ထုပ်ဝန်ပိုးကြီးကို တိုး၍ ရင်ဆိုင်လာနေရပါသည်။ ပဋိပက္ခကို ကြီးထွားစေခြင်းမျိုးမဟုတ်ဘဲ အသိုင်းအဝိုင်း များကြား ငြိမ်းချမ်းရေးတည်ဆောက်မှုသည် ချက်ချင်းလက်ငင်းလိုအပ်နေပေသည်။

ကြီးထွားလာနေသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း

၂၀၂၄ ခုနှစ် ကနဦးလပိုင်းများကတည်းကပင် လက်နက်ကိုင်ပဋိပက္ခ နေစဥ်နှင့်အမျှကြီးထွားလာသည်နှင့် အမျှ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းသည် မည်ကဲ့သို့ ပိုမို ဆိုးရွားလာနေသည်ကို ဖော်ပြခဲ့ကြပြီး၊  လာမည့် မုတ်သုန်ရာသီဥတုမတိုင်ခင် ထိခိုက်လွယ်ပြီး၊ စစ်ဘေးရှောင်လူထုမှာ လေ နှင့် အစားအစာမလုံလောက်မှု၊ အိမ်ရာ ကင်းမဲ့မှုတို့ကို ရင်ဆိုင်နေကြရပေသည်။ ကြီးမားသော လူသားချင်းစာနာမှုဆိုင်ရာ အ‌ရေးပေါ်အခြေအနေ တစ်ခုမှာ မကြာမီကာလတွင် ကျရောက်နိုင်ပေသည်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိ့နှိုင်းရေးရုံး (UNOCHA) ၏ မေလ အတွင်း ထုတ်ပြန်ချက်အရဆိုလျှင်

‘အသိုင်းအဝိုင်းများကြား တင်းမာမှု မြင့်တက်ပြီး၊ လက်နက်ကိုင်တိုက်ခိုက်မှု မြင့်လာသည်နှင့်အမျှ ရက္ခိုင်ပြည်တွင်းလူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများမှာ စိုးရိမ်ဖွယ်ရာ ဖြစ်ပေသည်။ လိုအပ်ချက်များ ကြီးထွားလာသော်လည်း ကူညီကယ်ဆယ်ရေးများမှာ ကန့်သတ်ခံနေရဆဲဖြစ်သည်။ နွေရာသီ ခေါင်ခိုက်စဥ်အတွင်းမှာ ရေရှားပါးမှု နှင့် ရေကြောင်းဖြစ်သော ရောဂါ (AWD) များ အဖြစ်များနေပြီး၊ အလယ်ပိုင်း နှင့် မြောက်ပိုင်းဒေသများတွင် လူဦးရေ ၁.၆ သန်းခန့်သည် ကျန်းမာရေးဝန်ဆောာင်မှု မရရှိဘဲ ရှိနေကြပါသည်။’ 

ထိုကဲ့သို့ ဆိုးရွှားပြင်းထန်လာသော အခြေအနေတစ်ခုကို ULA ၏ ရုံးခွဲတစ်ခုဖြစ်သော ‘လူသားချင်းစာနာရေး နှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ညှိ့နှိုင်းရေးရုံး’ (HDCO) ၏ မေလ (၂၇) ရက်နေ့က ထုတ်ပြန်ချက်အရ အတည်ပြုနေပြီး၊ စစ်ကောင်စီ နှင့် အေအေ တို့ကြား (၆) လ တိုက်ပွဲအတွင်းမှာပင် အနည်းဆုံး အရပ်သား ၂၆၈ ဦး သတ်ဖြတ် ခံရပြီး၊ ၆၄၀ ဦးသည် ဒါဏ်ရာရကာ၊ နောက်ထပ် ၄၂၅ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ စာရင်းထဲတွင် ရက္ခိုင်ပြည်တွင် လူမျိုး၊ အသိုင်းအဝိုင်းတိုင်းမှ ပါဝင်ပြီး၊ အထူးသဖြင့် ရခိုင် နှင့် ရိုဟင်ဂျာ တို့မှ ဖြစ်သည်။ နောက်ထပ် HDCO ၏ ထုတ်ပြန်ချက် တစ်ခု အရဆိုလျှင် ယခင် နှင့် အသစ်ဖြစ်ထွန်းလာသော စစ်ဘေးရှောင်အရေအတွက်သည် ၅၇၀,၀၀၀ ထက် ကျော်လွန်လာပြီး၊ ထိုအထဲမှ ၂၀ ရာခိုင်နုန်းခန့်သာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို လက်ခံရရှိကြပါသည်။ ထိုအထဲမှာ ULA ၏ ထုတ်ပြန်ချက်အရဆိုင်လျှင်  ဒုက္ခသည် ၂၀၀,၀၀၀ ကျော်ခန့်သည် ဘူးသီးတောင်၊ မောင်တော မြို့နယ်များတွင် ရှိနေသည်ဟု မေလ (၂၄) ရက်‌နေ့တွင် ဆိုသည်။ တုန့်ပြန်ချက်အနေဖြင့် ULA မှ အစားအစာ၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ အမိုးအကာ၊ အိမ်များပြန်လည်တည်ဆောက်ရေး၊ အလုပ်အကိုင်အထောက်အပံ့ နှင့် အရပ်သားပြည်သူများ ပြန်လည်နေရာချထားရေးအတွက် မိုင်းရှင်းလင်းရေး ကရိယာ ဟူသော အချက် (၆) ခုကို တောင်းဆိုထားပါသည်။

အဆိုပါ ထုတ်ပြန်ချက်များမှာ သတိပေးသကဲ့သို့ပင် ရက္ခိုင်ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင်း လူသားချင်းစာနာမှုဆိုင်ရာ ဘေးဆိုးများမှာ ယခင်တစ်ခါမှ မကြုံစဖူးဖြစ်ပေသည်။ လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ ပြည်သူများ၏ ဘေးဒုက္ခများမှာ စစ်ကောင်စီ၏ စီးပွါးရေး နှင့် လုံခြုံရေးကန့်သတ်ချက်များ နှင့် အရပ်သားပြည်သူနေရာများကို လေကြောင်းတိုက်ခိုက်ခြင်း နှင့် လက်နက်ကြီး ပစ်ခတ်ခြင်းတို့ကြောင်း ပို၍ ဆိုးရွားစေခဲ့သည်။ လွန်ခဲ့သောနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက ရက္ခိုင်ပြည်နှင့် ဗမာပြည်ကြား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား တို့နှင့် ကုန်သွယ်ရေး၊ ခရီးသွားလာမှု နှင့် ဆက်သွယ်ရေးတို့ အားလုံးကို ပိတ်ချလိုက်ခြင်းသည် ဒေသခံလူထုအတွက် အချိုးမညီသော ထိခိုက်မှုများကို ဖြစ်စေခဲ့သည်။ ရလဒ်အနေဖြင့် တက္ကသိုလ်နှင့် ကောလိပ်များပိတ်ထားရခြင်း နှင့် ဆေးရုံး၊ ဆေးခန်းများမှာလည်း အလုပ်မဖြစ်တော့ပေ။ ထပ်မံ၍ စစ်ကောင်စီမှ ဒေသအများစုတွင် ဒီဂျစ်တယ်ဆက်သွယ်ရေးစနစ်များကို ပိတ်ဆို့လိုက်ခြင်းကြောင်း ငွေလွှဲငွေပြောင်းလုပ်ငန်းကို များစွာ ကြံကြာစေပြီး၊ ကုန်စျေးနုန်းများကို မြှင့်တက်စေကာ၊ လောင်စာဆီ၊ စားဆီ၊ ဆေးဝါး၊ အဟာရပစ္စည်းများ နှင့် တခြားသော ကျန်းမာရေပစ္စည်းများအပါအဝင် အခြေခံစားသုံးကုန်များကို ပြတ်လတ်မှု ဖြစ်သွားစေခဲ့သည်။

ထိုကဲ့သို့ ပြင်းထန်သော ပိတ်ဆို့မှုများ၏ ကြီးမားသော ဆိုးကျိုးသက်ရောက်မှုသည် အလှုရှင် အသိုင်းအဝိုင်းများ၊ လူမှုရေးအဖွဲ့အစည်းများ နှင့် ပုဂ္ဂလိက အလှုရှင်များမှ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများ၊ စနစ်များကို ပြောင်းပြန်သက်ရောက်စေခဲ့ပြီး။ ဖေဖော်ဝါရီ လအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလုပ်သား တစ်ယောက်၏ ပြောပြချက်အရ

‘လမ်းတွေ အကုန်လုံး ပိတ်ဆို့ခံထားရပြီး၊ ကျနော်တို့က အစားအသောက်နဲ့ အမိုးအကာတွေလည်း သွားလှူလို့မရတော့ဘူး။ အင်တာနတ် ပိတ်ထားတဲ့အတွက် မိုဘိုင်းဖုန်းနဲ့ ငွေလှူတာတွေလည်း လုပ်လို့မရတော့ဘူး။ မြောက်ဖက်ပိုင်းတစ်ခုလုံး တိုက်ပွဲတွေဖြစ်နေတာကြောင်း စစ်ဘေးဒုက္ခသည်တွေလည်း အများကြီးဖြစ်လာတယ်။ ဘဏ်တွေလည်း ပိတ်ထားတဲ့အတွက် ငွေထုတ်လို့မရတာ့ဘူး။ ဒုက္ခသည်တွေကတော့ ပြဿနာတော်တော်ကြီးနေကြပြီ။’

နောက်ထပ် ဖြစ်ပေါ်လာသော လက်နက်ကိုင်တိုက်ပွဲများနှင့် ရွှေ့ပြောင်းခံရမှုများသည် လက်ရှိ လူသားချင်းစာနာမှု ပြဿနာများကိုသာ ပိုတိုးပွါးစေပြီး၊ ယခု ဖွဲစည်းမှုဆိုင်ရာ အကျပ်အတည်းကို ဆိုးရွားစေသည်။ ဒုက္ခဖြစ်နေကြသည်မှာ ဒုက္ခသည်လူဦးရေသာတောင်မကဘဲ နယ်မြေတစ်ခုလုံးရှိ လူပေါင်း ၂ သန်းကျော်၏ လူမှု-စီးပွါးရေးအခြေအနေများမှာကိုလည်း ဆိုးရွားစွာ သက်ရောက်မှုရှိနေသည်။ ယေဘုယျအားဖြင့်ဆိုရလျှင် ဒေသတွင် ရက္ခိုင်ပြည်စီးပွါးရေးသည် အစိုးရမှ စီမံကိန်းများအကောင်အထည်ဖော်ခြင်းနှင့် ဝန်ထမ်းများကို လစာပေးခြင်း၊ လယ်ယာထွက်ကုန်ပစ္စည်း၊ ငါး နှင့် ကျွဲ၊ နွားများ ရောင်းချခြင်းမှ ရရှိသော ဝင်ငွေ၊ ပြင်ပမှ ဖွံဖြိုးရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ အလှုငွေများ နှင့် ပြည်ပရောက် လုပ်သားများထံမှ ပြန်လွှဲငွေ ဟူ သော ဝင်‌ငွေလမ်းကြောင်း (၄) ခု အပေါ်တွင်သာ မှီခိုနေရပါသည်။ သို့သော် ယခု‌နောက်ပိုင်း ပဋိပက္ခနှင့် စီးပွါးရေးပိတ်ဆို့မှုများကြောင်း လူမျိုးတိုင်းမှ မိသားစုတိုင်းသည် ဝင်ငွေကျဆင်းမှု ကို ကြုံနေကြရပြီး၊  လူ့အဖွဲ့အစည်းအတွင်း ထိခိုက်အလွယ်ဆုံး နှင့် အားအနည်းဆုံးသူတို့သည် ပိုကြီးသော ဒုက္ခအခက်အခဲဒါဏ်ကို ခံစားကြရပါသည်။ နိုင်ငံတွင်း အချမ်းသားဆုံး နယ်မြေတစ်ခုဖြစ်နိုင်ခြေရှိသော ရက္ခိုင်ပြည်သည် လက်ရှိကာလတွင် အဆင်းရဲဆုံး ဒေသဖြစ်နေပေတော့သည်။

နိဂုံးချူပ်- လမ်းဆုံးလမ်းခွကို ရောက်နေသော ရက္ခိုင်ပြည်

ရက္ခိုင်ပြည်အကြောင်းကို လေ့လာသုံးသပ်သူများကြားတွင် ပဟေဋိဖြစ်ဖွယ်ရာ မေးခွန်းများဖြင့် ပြည့်နှက်နေပါသည်။ တောင်အာရှ နှင့် အရှေ့တောင်အာရှ ဆက်ကြားနေရာတွင် တည်ရှိပြီး၊ နယ်မြေကိုလည်း ကမ္ဘာ့တခြားနေရာများနှင့် ရက္ခိုင်ရိုးမ နှင့် ဘင်္ဂလားပင်လယ်အော် တို့ဖြင့် ချိတ်ဆက်ထားပေသည်။ ယနေ့ခတ် မြင်တွေ့နေရသော အခြေအနေနှင့် ခြားနားစွာပင် ခရစ်နှစ် ၁၇၈၄ ခုနှစ် ဗမာဘုရင့်နိုင်ငံမှ မသိမ်းပိုက်ခင်အထိ နှစ်ပေါင်း BCE ၁၀၀၀ ထိမှ စ၍ လူ့ယဥ်ကျေးမှုထွန်းကားခဲ့သော ရက္ခိုင်ပြည်သည် ယေဘုယျအားဖြင့် ငြိမ်းချမ်းပြီး၊ တိုးတက်ဖွံဖြိုးခဲ့သော နယ်မြေတစ်ခုဖြစ်ခဲ့ပေသည်။ မြောက်ဦးသမိုင်း စာမျက်နှာမှ ဖော်ပြနေသကဲ့သို့ပင် ရက္ခိုင့်ဘုရင့်နိုင်ငံတော်သည် ဒေသတွင်း ရေကြောင်းကုန်သွယ်ရေး၊ ဆက်သွယ်ရေး နှင့် ယဥ်ကျေးမှု ဖလှယ်ရေးကိစ္စများအတွက် အရေးကြီးသော လမ်းကြောင်းတစ်ခု ဖြစ်ခဲ့ပေသည်။ ထို့ကြောင် ယနေ့ခေတ် ရက္ခိုင်အမျိုးသားရေးဝါဒီများမှ မကြာခဏ အခိုင်အမာဆိုကြသည်မှာ ဗြိတိသျှ နှင့် ဂျပန်အပါအဝင် နှစ်ပေါင်း ၂၀၀ ကျော်အထိ ‘အမျိုးသားရေး နာကျည်းချက် နှင့် ဖိနှိပ်ခံရမှု’ နှင့် ‘ကိုလိုနီပြုမှု’ လှိုင်းအမျိုးမျိုးအောက်မှ  ရက္ခိုင်ပြည် ပြန်လည်လွတ်မြောက်လာခြင်းသည် ၎င်း၏ နေရာအမှန်ကို ပြန်ယူသည့် သဘာဝကျ၊ တရားမျှတသော သဘောတရားဖြစ်သည်ဟု ဆိုသည်။

၂၁ ရာစု ရက္ခိုင်ပြည်သည် ၎င်း၏ အတိတ်ဟောင်း နှင့် ကွာခြားလှပေသည်။ ဆန့်ကျင်ဖက်ကဲ့သို့ပင် မြန်မာပြည်လွတ်လပ်ရေးရပြီး ဆယ်စုနှစ် (၇) ခုခန့် ကြာသောအခါ အခြေအနေများမှာ ‘ရက္ခိုင်ပြည်က ချမ်းသာသော်လည်း ရက္ခိုင်ပြည်သားများမှာ ဆင်းရဲကြသည်’ ဟူသည့် အတိုင်းဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုအတွင်း တရုတ် နှင့် အိန္ဒိယမှ ရက္ခိုင်ပြည်တွင်း ဒေါ်လာ သန်း၊ ကု‌‌ဋေပေါင်းများစွာ တန်ဖိုးရှိသော ရင်းနှီးမြှပ်နှံမှုများကို လုပ်ဆောင်ခဲ့ကြပြီး၊ တဖက်တွင် လူဦးရေ ၃-၄ သန်း၏ ရာခိုင်နှုန်းကြီးတစ်ခုသည် ပြင်ပ ကို အလုပ်အကိုင်အတွက် ထွက်ခွာသွားကြရခြင်း၊ ဒုက္ခသည်ဖြစ်နေရခြင်း နှင့် ပြင်းထန်သော ပဋိပက္ခဒါဏ်ကို နှင့် အတူ ကြီးမားသော ဆင်းရဲမွတေမှု ကို ကြုံတွေ့နေကြရပေသည်။ အဆိုပါ အတွေ့အကြုံများသည် စစ်အုပ်ချုပ်ရေး နှင့် ဖိနှိပ်အုပ်ချုပ်မှု ကို ဆန့်ကျင်ရေးကိုသာ ပိုဖြစ်စေပြီး၊ လွတ်မြောက်‌ရေးအတွက် နိုင်ငံရေးမျှော်ရည်စိတ်သစ် တစ်ခုကိုလည်း မွေးဖွားစေသည်။

တဖက်တွင် ရက္ခိုင်ပြည်မြောက်ဖက်၌ ရိုဟင်ဂျာအကျပ်အတည်း ဆက်လက်တည်ရှိနေလိမ့်မည်။ ပို၍ ကြီးမားသော ထိပ်တိုက်တိုးမှု နှင့် သွေးထွက်သံယိုမှုများ မဖြစ်စေရန် ထိန်းသိမ်းဟန့်တားခြင်းမှာ အင်အားစုတိုင်း၏ ကျင့်ဝတ်နှင့် လက်တွေ့ကျသော အကျိုးစီးပွါးဖြစ်ပေသည်။ ထိုကဲ့သို့ ဖြစ်စေရန် ဘက်အားလုံးမှ စေတနာထား အပြုသဘောစိတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် လွန်စွာ အရေးကြီးပေသည်။

ကနဦးအနေဖြင့် အငြင်းပွါးဖွယ်ရာ ရိုဟင်ဂျာလူမျိုးစု ဝိသေသ၊ လူဦးရေ အရေအတွက် နှင့် သမိုင်းကြောင်းဆိုင်ရာ ဇာတ်ကြောင်းများမှာ ဦးစားပေး မဖြစ်သင့်ပေ။ ထိုအစား လက်ရှိကာလတွင် ပို၍ လက်တွေ့ဆန်သော အသိုင်းအဝိုင်းများကြား ကွဲပြဲမှု ကုစားခြင်း ကို မြှင့်တင်သင့်ပြီး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်း၊ ပညာရေး နှင့် လွတ်လပ်စွာ သွားလာခွင့် တို့ပါဝင်သော အခြေခံအခွင့်အရေး၊ ဝန်ဆောင်မှုများနှင့် လုံခြုံရေးကာကွယ်ပေးခြင်းတို့ကို မြှင့်တင်သင့်ပေသည်။ လူမှုသဟဇာတဖြစ်ရေး နှင့် ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေး တို့အား အာရုံစိုက်မှုကို မလျှော့ချသင့်ပေ။ သို့သော် ULA နှင့် ရိုဟင်ဂျာကြား၊ ရခိုင်-ရိုဟင်ဂျာကြား ဆက်ဆံရေးကို သုံးသပ်ရာတွင် အမြဲတမ်း ဇာတ်ကြောင်းတစ်ခုထက် ပို၍ ရှိနေပေသည်။ အာရုံစိုက်မှုများသည်လည်း ဘင်္ဂလားဒေ့ရှ် နှင့် မြောက်ဖက် နယ်စပ်ဒေသတွင်သာ မဖြစ်သင့်ပေ။ လေ့လာစောင့်ကြည့်သူများအနေဖြင့် အသိုင်းအဝိုင်းအသီးသီးကြားတွင် ပို၍ အပြုသဘောဆောင်သော ဆက်ဆံရေးရှိသော ကျောက်တော်၊ မင်းပြား၊ မြောက်ဦး နှင့် မြေပုံ ကဲ့သို့ ရက္ခိုင်ပြည် အလယ်ပိုင်း မြို့နယ်များကိုလည်း အာရုံစိုက်သင့်ပေသည်။

အနာဂတ်ကို မျှော်ကြည့်ခြင်းအားဖြင့် လာမည့် လပိုင်းများအတွင်းတွင် မည်သည့် စစ်ရေးရလဒ် ထွက်သည်ဖြစ်စေ ULA/AA သည် တီမော့လစ်(စ်)တစ် နိုင်ငံထက် နှစ်ဆ နီးပါးကြီးသော နယ်မြေတစ်ခုကို အုပ်ချုပ်နေသော အဓိက အာဏာပိုင်အဖွဲ့အစည်းဖြစ်နေပေလိမ့်မည်။ နိုင်ငံရေး ရေစီးကြောင်းအရဆိုလျှင် ရှေ့လာမည့် ULA  အုပ်ချုပ်ရေး ယန္တရားသည် နယ်မြေအတွင်း အစိုးရ လုပ်ငန်းတာဝန် (၃၀) ရာခိုင်နှုန်း လောက်ကိုသာ ကိုင်တွယ်ခဲ့သော ယခုထိုးစစ်မတိုင်ခင် အခြေအနေများနှင့် လွန်စွာကွဲပြား နေပေ လိမ့်မည်။ သို့သော် ယခုတစ်ကြိမ်တွင် မြို့ပြ‌ဒေသများကို ထိမ်းချူပ်ထားသည်နှင့် ULA အာဏာ ပိုင်များအနေဖြင့် ပညာရေး၊ ကျန်းမာရေး နှင့် လူဝင်မှုကြီးကြပ်ရေး၊ လျှပ်စစ်မီး၊ တယ်လီကွန်း ဆက်သွယ်‌ရေး နှင့် ရဲ လုပ်ငန်းများအထိ အစိုးရ လုပ်ငန်းတာဝန်အားလုံးနီးပါးကို တာဝန်ယူဆောင်ရွက်ရပေလိမ့်မည်။ ထိုကဲ့သို့ လုပ်ငန်းများအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီနိုင်သော လူသားနှင့် ရုပ်ဝတ္ထုပစ္စည်း ပမာဏာကြီးမားလွန် လိုအပ်နေပေလိမ့်မည်။

အနှစ်ချူပ်အနေဖြင့် ရက္ခိုင်ပြည်သည် ပိုမို လှပသော အနာဂတ်အတွက် ၎င်း၏ ကြေကွဲဖွယ်ရာ အတိတ်ကို ချန်ရစ်နိုင်မည်ဟု မျှော်လင့်ရသော လမ်းဆုံလမ်းခွ နေရာတစ်ခုတွင် ရောက်ရှိနေပေသည်။ လူမျိုးနှင့် ယဥ်ကျေးမှု နောက်ခံမည်သို့ပင် ဖြစ်စေကာမှု ရက္ခိုင်ပြည်သူလူထုတစ်ရပ်လုံးသည် မှန်ကန်ပြီး၊ ကိုယ်စားပြုမှုရှိသော အစိုးရတစ်ရပ်အောက်တွင် ပို၍ကောင်းမွန်သော အချိန်၊ အတိုင်းအတာတစ်ခုကို ခံစားထိုက်သည်မှာ ကြာနေပြီဖြစ်သည်။ ပဋိပက္ခကို ကြီးထွားနက်နဲလာစေခြင်းမျိုးမဟုတ်ဘဲ ငြိမ်းချမ်းရေးတည်ဆောက်မှုသည်သာ အထက်တွင်ဖော်ပြထားသော ကောင်းမွန်မှုများကို ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေသည်။

နိုင်လင်းသည် မြန်မာနိုင်ငံ၊ ရက္ခိုင်ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ နှင့် အသိုင်းအဝိုင်းများကြားဆက်ဆံရေးနှင့် ပတ်သတ်၍ ရေးသားနေသော အလွတ်တန်း နိုင်ငံရေးလေ့လာသုံးသပ်သူနှင့် သုတေသီတစ်ဦးဖြစ်သည်။